ရုရှားစစ်နည်းပညာနဲ့ အားဖြည့်လာတဲ့ မြန်မာစစ်တပ်

ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဒါဟာ နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေတယ်လို့ ဆို။

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ရုရှားစစ်တပ်တို့ဟာ ရုရှားနိုင်ငံက ယူဆောင်လာတဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ နည်းပညာတွေကို အသုံးပြုပြီး နေပြည်တော်မှာ ဇူလိုင်လ ၆ ရက်ကနေ ၁၇ ရက်အထိ ပထမဆုံးအကြိမ် ပူးတွဲကြည်းတပ်စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ပါတယ်။

MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) လို့ အမည်ပေးထားတဲ့ အဲဒီလေ့ကျင့်ခန်းမှာ FPV Drone၊ Heavy Drone၊ UAV၊ Sniper နဲ့ ရဟတ်ယာဉ်အသုံးပြု စစ်ဆင်ရေးတွေအပြင် အထူးတပ်ဖွဲ့တွေအတွက် တောတွင်းနဲ့ တောင်ပေါ်တိုက်ခိုက်ရေး နည်းဗျူဟာတွေကို ရုရှားနဲ့ မြန်မာနည်းပြတွေက လက်တွေ့ လေ့ကျင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဒါဟာ နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေတယ်လို့ ဆိုပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ ဒီပူးတွဲစစ်ရေးလေ့ကျင့်တာဟာ ရုရှားဆီက စစ်နည်းပညာတွေကို လက်တွေ့ရယူဖို့တင်မကဘဲ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးကို တန်ပြန်ဖို့ ရည်ရွယ်ထားတာလို့ သုံးသပ်ပါတယ်။

“အဓိကကတော့ ရုရှားဆီကနေပြီးတော့ FPV ရယ် Drone တွေရယ် UAV တွေရယ်ကိုမှာယူတင်သွင်းပြီး လက်တွေ့အသုံးပြုတဲ့နည်းပညာကို ရယူခဲ့တာမျိုးလို့ပဲ မြင်ပါတယ်။ ဆိုရရင် သူတို့က တန်ပြန်လုပ်မယ့်သဘောပါပဲ ဘာဖြစ်လို့လည်းဆိုတော့ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ချင်းဘက်တွေ၊ စစ်ကိုင်းဘက်တွေ၊ ကချင်ဘက်တွေမှာ ယူကရိန်းနည်းပညာကို သုံးပြီးတော့ ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေကို ပစ်တာတွေ၊ တိုက်ပွဲထဲမှာ သုံးတာတွေ သင်္ဘောတွေကို ပစ်တာလည်းတွေ့ရတယ်။ ဒါကိုတန်ပြန်ဖို့ သူ ဆောင်ရွက်လာတယ်လို့ မြင်တာပေါ့”

FPV Drone (First Person View Drone) ဟာ ပစ်မှတ်ကို တိတိကျကျတိုက်ခိုက်နိုင်တဲ့ အသေခံ ဒရုန်းဖြစ်ပြီး၊ Heavy Drone ကတော့ ဗုံးသယ်ဆောင်တာ၊ ပစ္စည်းပို့ဆောင်တာနဲ့ တခြားစစ်ဆင်ရေးတွေအတွက် အသုံးပြုတာပါ။ UAV (Unmanned Aerial Vehicle) ကတော့ ထောက်လှမ်းဖို့နဲ့ ပစ်မှတ်ရှာဖွေဖို့အတွက် အသုံးပြုတဲ့ မောင်းသူမဲ့လေယာဉ်ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဒရုန်းနည်းပညာတွေအပြင် Sniper နည်းပညာ၊ တပ်စုအဆင့် အထူးစစ်ဆင်ရေးနည်းဗျူဟာ၊ စစ်မြေပြင်သတင်းထောက်လှမ်းရေးနဲ့ ဆက်သွယ်ရေးကြားဖြတ် ဖမ်းယူတဲ့စနစ်၊ အနီးကပ်ပစ်ကူပေးစနစ်တွေကို ရုရှားစစ်တပ်နဲ့ပူးတွဲလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ရုရှားစစ်နည်းပညာနဲ့ အားဖြည့်လာတဲ့ မြန်မာစစ်တပ်
ရုရှားစစ်နည်းပညာနဲ့ အားဖြည့်လာတဲ့ မြန်မာစစ်တပ် နေပြည်တော်တွင် မြန်မာစစ်တပ်နှင့် ရုရှားစစ်တပ်တို့၏ ပထမဆုံး ပူးတွဲကြည်းတပ်စစ်ရေးလေ့ကျင့်မှုကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (CINCDS)

အဲဒီအတွေ့အကြုံတွေကို မြန်မာစစ်တပ်က ဆင့်ပွားသင်တန်းတွေအဖြစ် တပ်ရင်း၊ တပ်ဖွဲ့တွေဆီ ဆက်လက်ဖြန့်ဝေလာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ရုရှားစစ်တပ်နဲ့ လေ့ကျင့်ခဲ့တဲ့ နည်းပညာနဲ့ နည်းဗျူဟာတွေဟာ မကြာခင်မှာ စစ်မြေပြင်ကို သက်ရောက်လာနိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က သုတေသန တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

“ဒါတွေဟာ တော်လှန်ရေးအင်အားစုတွေအတွက် စစ်မြေပြင်မှာ တကယ်တွေ့ကြုံလာရမဲ့ အနေအထားနဲ့ အခြေအနေတွေ၊ ကိုယ်က တန်ပြန်ဖို့ လိုအပ်တဲ့အနေအထားတွေကို အခုကတည်းက စောင့်ကြည့်သုံးသပ်ပြီး ပြင်ဆင်ဖို့ အရေးကြီးလိမ့်မယ်လို့ ယူဆပါတယ်"

တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေက FPV Drone နည်းပညာကို အသုံးပြုပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်တာတွေ ရှိနေပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာဆိုရင် စစ်တပ်ရဲ့ ရုရှားနိုင်ငံထုတ် Mi 17 ရဟတ်ယာဉ်တစ်စင်းကို ဇွန်လ ၂၃ ရက်နေ့မှာ FPV Drone တွေအသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။

ဇူလိုင်လဆန်းပိုင်းကလည်း စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စုကို တော်လှန်ရေးအင်းအားစုတွေက FPV Drone တွေနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့အခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း တော်လှန်ရေးအင်အားစုတွေက နည်းပညာပိုင်းမှာ နောက်မကျအောင် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“၂၀၂၆ ထဲမှာ သူတို့(စစ်တပ်)ဘက်က ဒရုန်းအားသာချက်တွေ အသာစီးရခဲ့တယ်၊ နည်းပညာအသာစီးရခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေကလည်း နည်းပညာပိုင်းဆိုင်ရာမှာ နောက်ကျမကျန်ခဲ့အောင် အချိန်နဲ့တပြေးညီ နည်းပညာပိုင်းဆိုင်ရာတွေကိုလေ့လာနေတယ်။ နောက်တစ်ခါ လက်ရှိ မြေပြင်မှာ အသုံးချနေတာတွေလည်း ရှိတယ်”

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ရဲ့ အဓိက စစ်ရေးမိတ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လေကြောင်းကာကွယ်ရေးစနစ်နဲ့ အခြားစစ်လက်နက်တွေ ရောင်းချပေးနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ နှစ်နိုင်ငံ စစ်တပ်နှစ်ခုအကြား စစ်ဘက်နည်းပညာ၊ သင်တန်းနဲ့ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စတွေပါဝင်တဲ့ ငါးနှစ်သက်တမ်းရှိ ရုရှား-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို နေပြည်တော်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်ဆက်တွဲ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်တဲ့အဆင့်ထိ ဖြစ်လာတာပါ။

ရုရှားစစ်နည်းပညာနဲ့ အားဖြည့်လာတဲ့ မြန်မာစစ်တပ်
ရုရှားစစ်နည်းပညာနဲ့ အားဖြည့်လာတဲ့ မြန်မာစစ်တပ် နေပြည်တော်တွင် မြန်မာစစ်တပ်နှင့် ရုရှားစစ်တပ်တို့၏ ပထမဆုံး ပူးတွဲကြည်းတပ်စစ်ရေးလေ့ကျင့်မှုကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (CINCDS)

ရုရှား-မြန်မာ ဆက်ဆံရေးဟာ မဟာမိတ်နိုင်ငံအဆင့်ကနေ မဟာဗျူဟာမိတ်ဖက်နိုင်ငံအဆင့်ထိ ရောက်လာပြီလို့ စစ်ရေးနိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

ရုရှားနဲ့ စစ်ရေးပူးပေါင်းမှုတွေ ပိုပြီးနက်ရှိုင်းလာတာဟာ မြန်မာ့ပြည်တွင်းစစ် အခြေအနေကို ပြောင်းလဲစေနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။