တောင်ငူထောင်က နိုင်ကျဉ်းတွေအပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင် ပြောင်းရွှေ့

အကျဉ်းသားတစ်ဦးကို စောင် သုံးထည်နဲ့ အဝတ်တစ်စုံသာ ယူဆောင်ခွင့်ပြုခဲ့ပြီး ကျန်တဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းခံရ။

ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်က အမျိုးသားနိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ အပါအဝင် စုစုပေါင်း ၅၀၀ လောက်ကို ဇူလိုင်လ ၂၃ ရက် မနက်အစောပိုင်းမှာ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက RFA ကို ပြောပါတယ်။

PPNM ရဲ့ သတင်းအရင်းအမြစ်တွေပြောဆိုချက်အရ အကျဉ်းထောင်အာဏာပိုင်တွေက ပြောင်းရွှေ့မယ့် အကျဉ်းသားတွေရဲ့ နာမည်တွေကို တစ်ရက်ကြိုတင်ခေါ်ယူခဲ့ပြီး ခြေချင်းခတ်ထားကာ ဇူလိုင် ၂၃ ရက် မနက် ၃ နာရီခွဲဝန်းကျင်မှာ ၁၂ ဘီးယာဉ် ခုနစ်စီးနဲ့ သာယာဝတီအကျဉ်းထောင်ကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်ပြောင်းရွှေ့ခံလိုက်ရတာဟာ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်ခံလိုက်ရတာဖြစ်ပြီး အကျဥ်းသားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ရာရောက်တယ်လို့ မရောင်နီလင်းက RFA ကို ပြောပါတယ်။

“အကျဉ်းသားတွေကို ခြေချင်းခတ်တာ၊ ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းတာအပြင် အကျဥ်းသားတွေရဲ့မိသားစုတွေကို အကြောင်းမကြားဘဲ ရုတ်တရက် ထောင်ပြောင်းရွှေ့တာတွေဟာ အကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးတွေကို ထိခိုက်စေပါတယ်။ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားနိုင်တဲ့ အခြေအနေမျိုးတွေနဲ့ပါ ကြုံနေရတာဖြစ်ပါတယ်။ ဒါတွေဟာ အကျဥ်းသားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို စနစ်တကျ ပြုလုပ်နေတာဖြစ်ပါတယ်”

ထောင်ပြောင်းရွှေ့ချိန်မှာ အကျဉ်းသားတစ်ဦးကို စောင် သုံးထည်နဲ့ အဝတ်တစ်စုံသာ ယူဆောင်ခွင့်ပြုခဲ့ပြီး ကျန်တဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ ထောင်ဝင်စာပစ္စည်းတွေကို အကျဉ်းထောင်အာဏာပိုင်တွေက သိမ်းဆည်းခဲ့တယ်လို့ PPNM က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ စစ်တပ်ခန့်အစိုးရလက်အောက်ခံ အကျဉ်းဦးစီးဌာနရဲ့ တုံ့ပြန်ချက် မရသေးပါဘူး။ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးခင်မောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြောဆိုချက်အရ သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပစ်မှတ်ထားနှိပ်ကွပ်လေ့ရှိတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့အကျဉ်းထောင်ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၂၃ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၃၁,၅၆၃ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၂၂,၅၁၈ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။