မြိုင်မှာ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ ရဟတ်ယာဉ်ကို စစ်တပ်ပြန်သယ်

မြိုင်မြို့နယ် တွင်းမရွာမှာ ရပ်နားချိန် တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ပျက်စီးသွားတဲ့ လေယာဉ်ကိုယ်ထည်ကို ဇွန်လ ၂၇ ရက်နေ့မှာ စစ်တပ်က ကားနဲ့ သယ်ယူသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လေယာဥ် အင်ဂျင်ခန်းနဲ့ လေယာဉ်အမြှီးအောက်ပိုင်း အကုန်လုံး မီးလောင်ခဲ့တာကြောင့် ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) ကို ကားနဲ့ ပြန်သယ်သွားတယ်လို့ မြိုင်မြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“လေယာဉ်ကို ကားပေါ် ကရိန်းနဲ့ ဆွဲတင်ပြီး (တပ်မ) ၁၀၁ ကို ရောက်သွားပြီ။ ကရိန်းနဲ့ ကားပေါ် ဆွဲတင်တာ စစ်တပ် လေယာဉ်တွေ ဝဲပေးတယ်။ စစ်တပ်စစ်ကြောင်း ပြန်သယ်တာမှာ တွဲကားကို double cab နဲ့ ဆွဲတာ နေ့ခင်းက ၁၀၁ ကို ရောက်တယ်”

အဲဒီ လေယာဉ်ဟာ ဇွန်လ ၂၃ ရက်နေ့လယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်တွေ အားကောင်းတဲ့ တွင်းမရွာမှာ ရပ်နားချိန် တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိမရှိအသေးစိတ်ကို မသိရသေးသလို စစ်တပ်ခန့်အစိုးရကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရဟတ်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ တွင်းမရွာကိုတော့ စစ်တပ်က ဇွန်လ ၂၈ ရက်နေ့မှာ တပ်ဖွဲ့ဝင် အင်အား ၃၀၀ လောက် တိုးချထားတယ်လို့ ပြောပါတယ်။

ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် ဝက်ကြီးတောရွာ၊ ဝက်ပုတ်ရွာ၊ ကုန်းရွာ၊ ချောင်းဦးတိုရွာ၊ သာစည်ရွာ၊ နှမ်းဆီကန်ရွာ၊ မိတ္ထီလာရွာ နဲ့ အညာဇီးတောရွာတွေက ဒေသခံ ခုနစ်ထောင်ခန့်လည်း ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။