NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည် ထောင် ငါးနှစ် ထပ်မံချမှတ်ခံရ

ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာ ပြန်လွတ်ခဲ့ပေမဲ့ ထောင်အပေါက်၀မှာပဲ ပြန်ဖမ်းခံခဲ့ရ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အင်းစိန်ထောင်တွင်းတရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ဇူလိုင်လ ၆ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

မမိုးဆန်းစုကြည်ဟာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာ လွတ်ရက်စေ့လို့ ပြန်လွတ်မြောက်လာခဲ့ပေမဲ့ သာယာ၀တီ ထောင်အပေါက်၀မှာပဲ ပြန်လည်ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီနောက် ပုဒ်မ ၅၂ (က) နဲ့ ဆက်လက်တရားရင်ဆိုင်ခဲ့ရပြီး တစ်နှစ်ခန့်အကြာမှာ နောက်ထပ် ထောင် ငါးနှစ် ချမှတ်ခံရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သာယာ၀တီကနေ အင်းစိန်ကို ပြန်ပို့ထားတာသူ့ကို။ အမှုက ရုံးထွက်နေရတာက တစ်နှစ်လောက်ရှိပြီ မနေ့(ဇူလိုင် ၆ ရက်)ကမှ အင်းစိန်ထောင်မှာ ၅၂ (က) နဲ့ အမိန့်ချလိုက်တာ။ လွတ်ရက်စေ့တဲ့သူကို ပြန်ဖမ်းပြီးတော့ ထောင်ထပ်ချခံရတာပေါ့”

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂ (က) နဲ့ ပုဒ်မ ၅၀ (ည) တို့နဲ့ တရားစွဲဆိုခံရသူ (၁၂,၄၈၇) ဦးရဲ့ ကြားနာစစ်ဆေးဆဲ အမှုပေါင်း (၉,၅၃၂) မှုကို ပိတ်သိမ်းပြီး လွှတ်ပေးဖို့ စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့မှာထုတ်ပြန်တဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်မှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

မမိုးဆန်းစုကြည်ရဲ့ အမှုဟာ အဲဒီလွတ်ငြိမ်းသက်သာခွင့်နဲ့ အကျုံးဝင်ပေမဲ့ လွတ်မြောက်ခွင့်မရဘဲ ထောင်ထပ်ချခံရတာဟာ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ အောက်ခြေထောင်အာဏာပိုင်တွေရဲ့ လက်တွေ့ဆောင်ရွက်မှုကြား ကွာဟချက်ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေတချို့က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုလူငယ် တာဝန်ခံလည်းဖြစ်တဲ့ မမိုးဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းက သူနေထိုင်ရာ တိုက်ခန်းမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီတုန်းကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့နဲ့ ထောင်ဒဏ် ၆ နှစ် ဦးစွာ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မမိုးဆန်းစုကြည်ရဲ့ ဖခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာလည်း စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၅) တို့နဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရပါတယ်။

NLD ပါတီ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ရဲ့ ဖေဖော်ဝါရီလကုန်အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း NLD ပါတီခေါင်းဆောင်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၉) ဦးနဲ့ NLD ပါတီဝင် (၂,၈၈၀) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။