တပ်ခေါင်းဆောင်အသစ် ပြောင်းလဲအပြီး အရပ်သားတွေအပေါ် ဖိနှိပ်တိုက်ခိုက်မှု ပိုများလာ

တစ်ဖက်မှာ သံတမန်ရေးအရ နေရာရဖို့ ကြိုးစားနေစဥ် စစ်ခေါင်းဆောင်သစ်က အရပ်သားတွေအပေါ် ဖိနှိပ်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ ပိုတိုးလုပ်လာဟုဆို။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ခန့်အစိုးရက အာဆီယံနဲ့ နိုင်ငံတကာမှာ သံတမန်ရေးအရ နေရာပြန်ရဖို့ တစ်ဖက်က ကြိုးပမ်းနေချိန်၊ တစ်ဖက်မှာလည်း စစ်ခေါင်းဆောင် သစ်က အရပ်သား ပြည်သူတွေအပေါ် စစ်ရေးအရ ဖိနှိပ်တာ၊ အကြမ်းဖက်တိုက်ခိုက်တာတွေ ပိုတိုးလုပ်ဆောင် လာတယ်လို့ ကမ္ဘာပေါ်က စစ်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခ နေရာနဲ့ဖြစ်ပွားရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (Armed Conflict Location & Event Data - ACLED) က ဇူလိုင်လ ၂၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မတ်လမှာ စစ်တပ်က ခေါင်းဆောင်ပိုင်းအပြောင်းအလဲနဲ့အတူ စစ်ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ခဲ့သလို တိုက်ခိုက်ရေး မဟာဗျူဟာတွေကို ပြောင်းလဲချမှတ်ခဲ့ကြောင်း၊ အဲလိုပြောင်းလဲခဲ့တဲ့အတွက် အရပ်သားတွေဟာ စစ်တပ်ရဲ့ ပိုဆိုးဝါးလာတဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို ပိုခံလာရသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုတိုးလုပ်ဆောင်လာခဲ့ကြောင်းလည်း ACELD အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

“ဒီအပြောင်းအလဲတွေထဲမှာ လေကြောင်းတိုက်ခိုက်ရေး အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဂျက်တိုက်လေယာဥ် နှစ်စီးကနေ ငါးစီးအထိ အသုံးပြုပြီး ပစ်မှတ်တစ်ခုထဲကို အချိန်ကြာကြာ မရပ်မနား ပစ်ခတ်တိုက်ခိုက်တာလည်း ပါဝင်ပါတယ်။”

ACLED အဖွဲ့ဟာ သတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေ၊ မိတ်ဘက်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေကို ကိုးကားထုတ်ပြန်တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁ရက်ကနေ ဇူလိုင် ၁၇ ရက်နေ့အထိ လေ့လာချက်အရ် ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းဒေသတွေနဲ့ ချင်း၊ ကရင်၊ ရခိုင်ပြည်နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အများဆုံးလို့ဆိုပါတယ်။

ACLED အဖွဲ့ဟာ ဇူလိုင်လ ၁ ရက်နေ့ကလည်း မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းအပြီး ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် သေဆုံးရသူ အရေအတွက်ဟာ ၁ သိန်းကျော်သွားပြီလို့ အချက်အလက်တွေနဲ့ တစ်ကွ ထုတ်ပြန်ခဲ့ပါတယ်။

ACLED အဖွဲ့ရဲ့ တွေ့ရှိချက်အရ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပါလက်စတိုင်းဒေသပြီးရင် ဒုတိယ အကြမ်းဖက် ပဋိပက္ခအထူပြောဆုံးနိုင်ငံဖြစ်လာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင်အုပ်စုကွဲ ၁၂၀၀ အထိ ရှိနေတာကို စာရင်းပြုစုနိုင်ခဲ့ပြီး “ကမ္ဘာပေါ်မှာ စစ်တပ်ဆန့်ကျင်ရေး အကြောင်းရင်းတစ်ခုထဲမှာ အဖွဲ့ကွဲအများဆုံး၊ အစိတ်စိတ်အမွှာအမွှာအဖြစ်ဆုံး လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်”လို့ ACLED က ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းစေခဲ့ပြီး ၂၀၂၅ နှစ်ဆန်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးနိုင်ငံရေး ကူညီပံ့ပိုးမှုတွေရခဲ့ပါတယ်။ ၂၀၂၅ တစ်နှစ်ထဲမှာ လူငယ် ၅၀၀၀၀ ကျော်ကို အတင်းအကြပ်စစ်မှုထမ်းစေခဲ့ပြီး အဲဒီနောက် ၂၀၂၅ နှစ်ကုန်မှာ မြန်မာစစ်တပ်ဟာ စစ်ရေးမှာအသာစီးရ လာခဲ့ပေမယ့် လက်နက်ကိုင်အဖွဲ့တွေ အနိုင်တိုက်နိုင်စွမ်းမရှိခဲ့ပါဘူးလို့လည်း ACLED အဖွဲ့ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။