ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းပြသရေး ဖိအားပေးဖို့ NUG တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူ့အခွင့်အရေးအပြည့်အဝရဖို့၊ မြန်မာ့အရေး အတိုက်အခံမဟာမိတ်နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တင်ပြပြောကြားခဲ့။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေကြောင်း မြန်မာစစ်အာဏာပိုင်တွေ က သက်သေပြလာအောင် အမေရိကန်နိုင်ငံက သံတမန်ရေးအရ ဖိအားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇူလိုင်လ ၂၄ ရက်‌နေ့က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်၊ အောက်လွှတ်တော်မှာ ရုံးမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို စစ်တပ်က ချိုးဖောက်နေပြီး သားဖြစ်သူ ကင်အဲရစ် နဲ့တွေ့ခွင့်ပါပိတ်ပင်ထားသလို အသက်ရှင်ရက် ရှိ၊မရှိတောင် သိဖို့ခက်တဲ့အခြေအနေဖြစ်ကြောင်းလည်း တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရုံးဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာအတိုက်အခံ မဟာမိတ်အဖွဲ့ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF နဲ့ တိုက်ရိုက်ချိတ်ဆက် အလုပ် လုပ်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲမှာ အမေရိကန်နိုင်ငံရဲ့ မြန်မာနဲ့ပတ်သက်တဲ့ အကျိုးစီးပွား၊ ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းပြဿနာ၊ ဒေသတွင်းတည်ငြိမ်မှုနဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးစတာတွေကိုလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ NUG က ဇူလိုင်လ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီပွဲကို Burma Research Institute က ဦးစီးကျင်းပတာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးတို့ တက်ရောက်တယ်လို့ သိရပါတယ်။

ဒေါ်ဇင်မာအောင်ဟာ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း အာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ထရီဆာ လာဇာရိုတို့ ဇူလိုင် ၁၃ ရက်က အွန်လိုင်းဗီဒီယိုက တစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ၊ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ဆောင်ရွက် နေတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်၊၊

ဒီလိုဆွေးနွေးရာမှာ NUG ပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) အဖွဲ့ဝင် လက်နက်ကိုင်လေးဖွဲ့က ကိုယ်စားလှယ်တွေလည်း အတူပါဝင်တယ်လို့ သိရပါတယ်။