နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အလှူပြုလုပ်ခဲ့တဲ့အကြောင်း Facebook လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဒေါက်တာစောနိုင်ဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် သုံးနှစ်ချခံလိုက်ရတယ်လို့ နီးစပ်သူတွေကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းက ရေးသားဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆွမ်းကပ်လှူဒါန်းပြီး လွတ်မြောက်ပါစေကြောင်း ဆုတောင်းစာနဲ့အတူ လူမှုကွန်ရက်ပေါ် တင်တာဟာ လှုံဆော်မှုမြောက်၊ မမြောက်ကို သက်သေ အထောက်အထားနဲ့ စစ်ဆေးဖို့ လိုကြောင်း ရှေ့နေအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
သွားဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာစောနိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စား ပြုပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တောင်ဥက္ကလာပမြို့နယ်ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ရွေးခြယ်တင်မြောက်ခံခဲ့ရသူဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မုံရွာ၊ မန္တလေး၊ တောင်ကြီးစတဲ့ ဒေသတွေက ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဇွန်လ ၂၁ ရက်နေ့မှာ RFA ကို ပြောကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဇွန်လ ၁၉ ရက်နေ့ကနေ ဇွန်လ ၂၁ ရက်နေ့အထိ သုံးရက်တာ နှင်းဆီပန်း ရောင်းချခွင့်ပိတ်ပင်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း နှင်းဆီပန်း ရောင်းချသူ၊ ဝယ်ယူသူ၊ ပန်ဆင်သူ၊ ဘုရားပန်းကပ်သူ၊ ပန်းအိုးထိုးသူ စတဲ့ နှင်းဆီပန်းအသုံးပြုသူ ၁၅ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံက အနောက်နိုင်ငံသံရုံးတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တစ်နိုင်ငံလုံးက ထောက်ခံအားပေးသူတွေက လွတ်မြောက်ရေးနဲ့ အမှတ်တရ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဒီလို ဒေါက်တာစောနိုင်ကို ဖမ်းဆီးထောင်ဒဏ်ပေးခဲ့တာနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ကတော့ ဇွန်လ ၁၈ ရက်နေ့က ကျင်းပတဲ့ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သတင်းတု၊ သတင်းမှား တင်တာတွေအပါအဝင် အွန်လိုင်းပေါ်ကနေ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ၂၄ နာရီ စောင့်ကြည့်နေပြီး စစ်ဆေးတွေ့ရှိသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ပုဒ်မ ၅၂ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ တို့နဲ့ အရေးယူနေတယ်လို့ ပြောထားပါတယ်။
အာဏာသိမ်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရောက်တိုင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေက မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေ နှစ်စဉ် ပြုလုပ်လေ့ရှိပြီး အရင်နှစ်တွေကလည်း ပန်းပန်သူတွေ၊ အွန်လိုင်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း ဆုတောင်းပေးသူတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
