စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့မြေပြင် စစ်ကြောင်းတွေနဲ့ ပျုစောထီးရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာပေါင်း ၂၁ ရွာက စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ဟာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ ခက်ခဲနေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
အင်မထီး၊ မင်းတိုင်ပင်၊ သာယာကုန်း၊ ကန်ဒေါင့်၊ ကိုင်းတွင်း၊ ဦးနှောက်၊ ချောင်းရိုး၊ အိုင်းမ၊ သပြေကုန်း၊ လက်ပုကန်၊ တလှိုင်းကန်၊ ထန်းတောတိုက်၊ ညောင်ပင်တိုက်၊ သရက်ကန်၊ မြေနီကုန်းနဲ့ နှောကန်ကျေးရွာစတဲ့ ကျေးရွာပေါင်း ၂၁ ရွာက စစ်ဘေးဒုက္ခသည် နှစ်သောင်းခွဲကျော်ဟာ နှစ်နှစ်နီးပါးအကြာ ရေရှည်စစ်ရှောင် နေကြရတာကြောင့် စားဝတ်နေရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လက်တလောမှာတော့ စစ်ဘေးဒုက္ခသည်တွေဟာ စစ်တပ်စစ်ကြောင်းနဲ့ လေကြောင်းရန်ကင်းလွတ်တဲ့ တောတောင်တွေနဲ့ တောင်ယာတွေမှာ စစ်ရှောင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ ပုလဲဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီလိုပဲ တဲတိုက်တွေဆောက်ပြီး နေကြတာများတယ်။ တကယ်လို့ စစ်ကြောင်းလာလို့ မီးရှို့ခံရလည်း တဲတိုက်တွေပဲဆိုတော့ သိပ်ဆုံးရှုံးစရာလည်း မရှိတာပေါ့။ အများစုက ပြန်စရာအိမ်တွေမရှိတော့တာမျ ားပါတယ်။ အင်မထီး၊ ဇီးဖြူကုန်း၊ မင်းတိုင်ပင်တို့တို စစ်တပ်က အထိုင်ချတပ်စွဲပြီး ပျူရွာတည်ထားတော့ တော်လှန်ရေးစကတည်းက ထွက်ပြေးနေရတာ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးတာ။ မြေပြင်မှာ အများစုလိုအပ်ကြတာတော့ ဆေးဝါးတွေနဲ့ ရိက္ခာအခြောက်အခြမ်းတွေပါ”
စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ထဲမှာ ရာသီတုပ်ကွေးနဲ့ ဌက်ဖျားရောဂါတွေ ဖြစ်ပွားနေသလို အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေမှာလည်း အရေပြားယားနာရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဆေးဝါးအကူအညီတွေ လိုအပ်နေတာလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကလည်း အင်အားတစ်ရာခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနှစ်ကြောင်းဟာ ပုလဲမြို့နယ်က သဲတောကျေးရွာ၊ ကြိုးကြာဥကျေးရွာ၊ ဇောင်ချမ်းကုန်းရွာနဲ့ မြကုန်းကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို စစ်ကြောင်းနဲ့အတူ မြို့ပေါ်ကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒဿမ ၈ သန်းကျော် (၃,၈၁၄,၁၀၀ ဦး) ရှိပြီး မကွေးတိုင်းထဲမှာ သုံးသိန်းနီးပါး (၂၉၆,၃၀၀ ဦး) ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၆ ခုနှစ် ဇူလိုင် ၆ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။
