နေပြည်တော်ကိုဦးတည်စစ်ဆင်ရေး စစ်တပ်ဘက်က ၄၀ ကျော်သေဆုံးကြောင်း PDF ပြော

စစ်တပ်ခန့် အစိုးရကို စစ်ရေးနိုင်ငံရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့်ထိတော့ မရေးနိုင်သေး။

နေပြည်တော်ကိုဦးတည်တဲ့ စစ်ဆင်ရေးတွေအတွင်း စစ်တပ်ဘက်က အရာရှိတချို့ပါအဝင် လေးဆယ် ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ နေပြည်တော်တိုင်းစစ်ဌာနက ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲတွေဟာ နေပြည်တော်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ပဲခူးတိုင်း ဆွာနဲ့ ရေတာရှည်မြို့နယ်ထဲက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းဒေသ၊ မကွေးတိုင်း အောင်လံ၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တွေထဲက အလယ်ရိုးမဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ တစ်လအတွင်းမှာ တိုက်ပွဲခုနစ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်တာတွေအပြင် စစ်ခန်းသိမ်းနိုင်တဲ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ နေပြည်တော် PDF က ပြောပါတယ်။

စစ်တပ်ဘက်ကလည်း ဒရုန်း၊ လက်နက်ကြီး၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ Y-12 လေယာဉ်၊ ဂျက်တိုက်လေယာဉ် တွေအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း PDF ဘက် ထိခိုက်သေဆုံးမှုတချို့ရှိပေမဲ့ အသေးစိတ်ကို ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

တိုက်ပွဲတွေရှိနေတဲ့ ဇွန်လအတွင်းမှာပဲ စစ်တပ်က ရေတာရှည်မြို့နယ်ထဲကို စစ်ကြောင်းထိုးပြီး ပိတောက်ကုန်းနဲ့ ကျွန်းကုန်းရွာ နှစ်ရွာပေါင်းက နေအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကလည်း NUG နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကိုထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေအတွင်း NUG ဘက်က နယ်မြေတွေနဲ့ မြို့ရွာတချို့ ပြန်လည်စွန့်လွှတ်လိုက်ရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။

NUG က အခုလို နေပြည်တော်ဘက်မှာ တိုက်ပွဲတွေမှာ ဖန်တီးခဲ့တယ်ဆိုပေမယ့် စစ်တပ်ခန့် အစိုးရကို စစ်ရေးနိုင်ငံရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့်ထိတော့ မရေးနိုင်သေးဘူးလို့ စစ်ရေးနိုင်ငံရေး လေ့လာသူတစ်ဦးကတော့ သုံးသပ်ပါတယ်။

“အဓိက ကတော့ နယ်မြေကို သိမ်းပိုက်စိုးမိုးထားနိုင်တဲ့ အနေအထားမျိုးမဟုတ်ဘဲ ယာယီပြောက်ကျား စစ်သဘောနဲ့ လျှပ်တပြက် အဝင်အထွက် ပြုလုပ်စစ်ဆင်ရလို့ နေပြည်တော်လုံခြုံရေးကို ထိခိုက် နိုင်လောက်အောင် စစ်တပ်ကို ဖိအားမပေးနိုင်သေးတာမျိုးအဖြစ် မြင်ရတယ်။ သူတို့ လက်ရှိဆင်နွဲနေတဲ့ စစ်ဆင်နည်းပုံစံက ၁၀၂၇ စစ်ဆင်ရေးလို အင်နဲ့အားနဲ့ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အဓိကကျတဲ့ နယ်မြေထိန်းစခန်းတွေကို သိမ်းပိုက်နိုင်တဲ့ သမရိုးကျ စစ်နည်းဗျူဟာနဲ့ မဟုတ်ဘဲ ပြောက်ကျားစစ် သဏ္ဍာန်ဖြစ်နေတာကြောင့် နေပြည်တော်ကိုခြိမ်းခြောက်နိုင်ဖို့က အချိန်ယူရပါဦးမယ်”

နေပြည်တော်နဲ့ အနီးတစ်၀ိုက်မြို့နယ်တွေက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်တပ်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

စစ်တပ်ကလည်း NUG နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကိုထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေအတွင်း NUG ဘက်က နယ်မြေတွေနဲ့ မြို့ရွာတချို့ ပြန်လည်စွန့်လွှတ်လိုက်ရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။