မူဆယ်မြို့က အခမဲ့ဆေးဖြတ်စခန်း

အသက် ၁၃ နှစ်ကနေ အသက် ၅၀ ကျော်အထိ အရွယ်စုံ လူပေါင်း ၂၀၀ လောက်ကို အခမဲ့ဆေးဖြတ်ပေးနေ။

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့က ဘဝသစ်လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းကို၂၀၂၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး လက်ရှိမှာ အသက် ၁၃ နှစ်ကနေ အသက် ၅၀ ကျော်အထိ အရွယ်စုံ လူပေါင်း ၂၀၀ လောက်ကို အခမဲ့ဆေးဖြတ်ပေးနေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးဖြတ်ကာလကို အများဆုံး ခြောက်လ သတ်မှတ်ထားပြီး ဆေးဖြတ်ဖို့ ကုသပေးတာအပြင် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှုတွေကိုပါ တွဲလုပ်ပေးနေတယ်လို့ ဘဝသစ်လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတာဝန်ခံ ဦးဘရန်လတ်က ပြောပါတယ်။

“အနည်းဆုံး ခြောက်လသတ်မှတ်ထားပါတယ်။ ရောက်လာတဲ့လူတွေတို ပထမဆုံး ယင်းကန်ကျတယ်။ ကျွန်တော်တို့က မူးယစ်ဆေးဝါးအစား ကုသပေးတဲ့ဆေး ယင်းထိန်းဆေးတွေ နီးစပ်ရာ NGO အဖွဲ့အစည်းဆီကနေ မက်သဒုန်းလေးတွေပေါ့နော်။ ယင်းထိန်းဆေးကိုတိုက်ပြီးမှ ပြုစုပေးတာဖြစ်ပါတယ်”

ဒီသင်တန်းကျောင်းကို ရောက်လာသူအများစုဟာ မူးယစ်ဆေးစွဲနေတာကြောင့် မိသားစုက စွန့်ပစ်ထားသူတွေနဲ့ ဘဝပျက်သွားကြသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဆေးဖြတ်နေသူတွေအတွက် လိုအပ်တဲ့ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလှူရှင်တွေ ပံ့ပိုးမှုနဲ့ ရပ်တည်နေရတာကြောင့် သင်တန်းကျောင်း ရေရှည်လည်ပတ်နိုင်ဖို့ အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့လည်း ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

နယ်စပ်မြို့တွေမှာ ရာမ၊ ဘိန်းမဲနဲ့ ဘိန်းဖြူလို မူးယစ်ဆေးဝါးတွေကို နေရာတိုင်းမှာ အလွယ်တကူ ဝယ်ယူသုံးစွဲလို့ရနေတာကြောင့် မူဆယ်မြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပိုများလာတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းလို ယာမလို့ခေါ်တဲ့ စိတ်ကြွဆေး (WY) ဆေးပြားတစ်ပြားကို အရင်က မြန်မာငွေကျပ် ငါးထောင်ဈေး ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ်တစ်ထောင်ဝန်းကျင်နဲ့ ဝယ်ယူလို့ရနေပြီလို့ ဆိုပါတယ်။

မူးယစ်ဆေးစွဲခဲ့ဖူးပြီး ရှစ်လကျော်ကြာ ဆေးဖြတ်ခဲ့ရတဲ့ နမ့်စန်မြို့နယ်က ကိုဇော်ဇော်အောင်က ဒီဘဝသစ်လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းမှာပဲ စေတနာ့ဝန်ထမ်း ပြန်လုပ်နေပါတယ်။

“မူးယစ်ဆေးဝါး သားကောင်တွေအနေနဲ့ဆို ဒီဆေးဖြတ်စခန်းတွေက အဆင်ပြေတယ်ဗျ။ ဘာကြောင့်လဲဆိုရင် မူးယစ်ဆေးဝါးကို အခမဲ့ဖြတ်ပေးတာက တခြားနေရာမှာလည်းမရှိဘူးလေနော်။ တချို့လည်း ဖြတ်ချင်တယ် ငွေရေးကြေးရေးမတတ်နိုင်တာတွေ ရှိတယ်လေနော်။ ကျွန်တော်တို့ ဆေးတွေဘာတွေ ပြတ်သွားလို့ ဘဝအတွက် ကောင်းသွားတဲ့အချိန်ကြရင် မိသားစုနဲ့လည်း အဆင်ပြေသွားတာပေါ့”

မူးယစ်ဆေးစွဲခဲ့တဲ့သူ့ကို ဇနီးနဲ့မိသားစုက နှစ်နဲ့ချီ စွန့်ပစ်ကာ အဆက်အသွယ် ဖြတ်တောက်ခံ ခဲ့ရတာကြောင့် ဆေးသုံးစွဲခဲ့မိတာကို နောင်တရမိတယ်လို့ ဆိုပါတယ်။

မူဆယ်မြို့က လူမူကူညီရေးလုပ်ကိုင်နေသူတွေနဲ့ ပရဟိတကျန်းမာရေးဝန်ထမ်းတွေ ပြောပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကနေ လက်ရှိအထိ မူဆယ်မြို့နယ်က KTV နဲ့ Hi ခန်းတွေမှာ မူးယစ်ဆေးဝါးသုံးတာ လွန်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ လူငယ် ၁၇ ဦးအထိရှိခဲ့သလို တချို့ရုပ်အလောင်းတွေဟာ လမ်းဘေးမှာ ပိုင်ရှင်မဲ့အဖြစ် စွန့်ပစ်ခံထားရတာတွေ ရှိတယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ပပျောက်ဖို့အတွက် စစ်တပ်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပူးပေါင်းဆောင်ရွက်စေချင်တယ်လို့ မူဆယ်မြို့နယ်က အမည်မဖော်လိုတဲ့ ပရဟိတလူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။

“မူဆယ်မှာ Hi ခန်းထဲမှာ လူငယ်လေးတွေ တစ်နေ့တမျိုး ဆေးလွန်ပြီးသေနေကြတာ မနည်းဘူးလေ။ ဒေသခံအနေနဲ့ဆို လက်နက်ကိုင်တွေမှာရော စစ်တပ်ကရော အတူပူးပေါင်းပြီး ရှင်းလင်းစေချင်တာ။ ရှမ်းမြောက်တကြောမှာ တရားမဝင်မူးယစ်ဆေးဝါး ချက်နေတာတွေ သိနေကြတာပဲ”

ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးဆိုင်ရာ အေဂျင်စီ (UNODC) ရဲ့ ဇွန်လထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး မက်သဖက်တမင်းထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ရှိနေပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေချိန်မှာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေက ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို အရှိန်အဟုန်နဲ့ တိုးမြှင့် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရကတော့ တစ်စုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။

မူးယစ်ဆေးဝါးတွေကို စျေးပေါပေါနဲ့ အလွယ်တကူဝယ်ယူလို့ရနေတဲ့ဒေသတွေမှာ မူးယစ်ဆေးကြောင့် ဒုက္ခရောက်နေသူတွေကို ပြန်လည်ထူထောင်ပေးဖို့ အခုလို အခမဲ့မူးယစ်ဆေးဖြတ် စခန်းတွေ ရှိနေပေမဲ့ လိုအပ်ချက်နဲ့ နှိုင်းယှဉ်ရင် မလုံလောက်သေးဘူးလို့ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။