စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်မြို့နယ်မှာရှိတဲ့ ချင်းတွင်းမြစ်ကြောမှာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ ရွှေမှော်တွေကို ဇူလိုင်လ ၆ ရက်နေ့က စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တွေက RFAကို ပြောပါတယ်။
ချင်းတွင်းမြစ်ဘေးမှာ ရွှေမှော်လုပ်ကိုင်နေတဲ့ ရွာတွေဖြစ်တဲ့ သငါရွာ၊ ကထူးချောင်းရွာနဲ့ ကရားရွာတွေကို စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် နှစ်စင်းပေါ်ကနေ ဗုံးနှစ်လုံးပစ်ချခဲ့တာလို့ အဲဒီအခြေအနေကိုသိတဲ့ မော်လိုက်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆုံးသွားတဲ့ အမျိုးသမီးကတော့ သငါရွာခံပါ။ လူလတ်ပိုင်းပဲရှိသေးတယ်။ ရွှေမှော်ကို ရော့ကဒ်တွေနဲ့ပစ်တော့ သူ့ဗိုက်ကိုထိသွားတာ။ ဆေးရုံပို့သေးပေမဲ့ အသက်မမီတော့တာလို့ ကြားတယ်။ နောက်ထပ် ဒဏ်ရာရာတဲ့ သူတွေကတော့ ဆေးရုံမှာ ဆေးကုသမှုယူနေကြပါပြီ”
ထိခိုက်ဒဏ်ရာရသူတွေဟာ ရွှေမှော်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသားတွေဖြစ်ကြပြီး အများစုက အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ဘူးလို့ သူက ဆိုပါတယ်။
စစ်တပ် ဗုံးကြဲသွားတဲ့ ရွှေမှော်ဧရိယာတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။ တိုက်ပွဲမရှိဘဲ အခုလိုမကြာခဏလေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် အခုနှစ်အတွင်း လူ ဆယ်ဦးကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ကလည်း မော်လိုက်မြို့နယ်နဲ့ဖောင်းပြင်မြို့နယ်က ကျေးရွာ လေးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးကာ ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၈၄၆ ဦး အထိ ရှိခဲ့ပါတယ်။
