မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အိုးပုံတောရွာကို ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တစ်မိသားစုတည်းက လေးဦး သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မိသားစုတွေ ထမင်းလက်ဆုံစားနေချိန်မှာ စစ်တပ်က ဂျိုယိုကော်ပရာ နှစ်စီးနဲ့ ဗုံးကြဲတာကြောင့် တစ်မိသားစုတည်းက အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား သုံးဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မိသားစုတစ်စုတည်း ၇ ယောက်ထိတာ။ လေးယောက်က ဆုံးသွားပြီ သုံးယောက်က အရေးပေါ် ဆေးကုသနေရတယ်။ အဲဒီမိသားစုက ညဦးပိုင်း ထမင်း၀ိုင်းဖွဲ့စားနေကြတာ အဲဒီမှာ ဂျိုယိုကော်ပရာနှစ်စီးနဲ့ ဗုံးသီးလေးလုံး ချတယ်။ ထမင်းစားနေတုန်းကို သူတို့အပေါ် အတည့်ကျသွားတာ။ အဲဒီရွာမှာ တိုက်ပွဲဖြစ်တာမရှိဘူး”
အိုးပုံတောရွာကို ညနေပိုင်းနဲ့ ညဦးပိုင်းအထိ ဂျက်တိုက်လေယာဉ်နဲ့ ဂျိုင်ယိုကော်ပရာတွေ အသုံးပြုပြီး သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးသလို စစ်တပ်ဘက်ကလည်း တစ်စုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းမှာပဲ အိုးပုံတောရွာနဲ့ ငါးမိုင်ခန့်အကွာမှာရှိတဲ့ တောင်သာမြို့နယ် လှည်းကူးမရွာကိုလည်း စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ အိုးပုံတောရွာနဲ့ လှည်းကူးမရွာတွေဟာ တောင်သာ-နွားထိုးကြီး ကားလမ်းအနီးမှာ တည်ရှိပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းရွာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ စုပေါင်းကျင်းပတဲ့ ဘောလုံးပွဲကို စစ်တပ်က ပေါင် ၅၀၀ ဗုံးသီးတွေ ကြဲချ တိုက်ခိုက်တာကြောင့် ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၈၄၆ ဦး အထိ ရှိခဲ့ပါတယ်။
