အလိုတော်ပြည့် ဆရာတော် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာသာရေးကိစ္စ ဆွေးနွေး

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် အောင်မြေဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသ ကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့သွားရောက်ဖူးမြော်ခဲ့ပါတယ်။
အဲ့ဒီလိုဖူးမြော်ရင်း ဆရာတော်နဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး၊ လူမှုရေး၊ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဘာသာရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အလိုတော်ပြည့် ဆရာတော်ရဲ့ လက်ထောက်ဆရာတော် အရှင်ဦးကုမာရက RFA ကို မိန့်ကြားပါတယ်။
"နိုင်ငံရဲ့အခက်အခဲ အကျပ်အတည်း လူမူရေး၊ ဘာသာရေး၊ ပရဟိတတွေကို ဆရာတော်ကြီးနဲ့ ဆွေးနွေးဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ကိစ္စကတော့ ဒီလိုဖြစ်တာ တစ်နှစ်ကျော်သွားပြီပေါ့၊ ဒီလိုဆက်သွားမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံ တည်ထောင်နေတဲ့အချိန်မှာ ထိခိုက်တာတွေမဖြစ်အောင် ပြည်သူလူထု၊ နိုင်ငံရေးပါတီနဲ့ ဘာသာရေးခေါင်းဆောင်တွေဖော်ဆောင်မှ ငြိမ်းချမ်းရေးကို အမြန်ဖော်ဆောင်နိုင်မယ်ဆိုတာ ဆွေးနွေးဖြစ်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆရာတော်ဆီ တင်ပြလျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆရာတော်ကို ဒေါ်အောင်ဆန်းစုကြည်က သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး အလိုတော်ပြည့်ဘုရားတစ်ဆူ ကို ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်ဖို့ ဆရာတော်ကပေးလိုက်တယ်လို့လည်း သိရပါတယ်။