စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရဲ့ နာမည်ကြီး ကားဝပ်ရှော့လုပ်ငန်းတစ်ခုဖြစ်တဲ့ မျိုးသိန်း ကားဝပ်ရှော့အိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို ဖမ်းဆီးကာ အဖိုးတန် လက်ဝတ် ရတနာတွေနဲ့ ငွေကြေးတွေကိုပါ သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သြဂုတ်လ ၁၉ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အိမ်တွင်းရှိ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးတာ၊ ငွေကြေးတွေနဲ့ ရတနာတွေကို ယူဆောင်သွားတာတွေကို ပြုလုပ်ခဲ့တာပါ။
အဲဒီလိုဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင် ကိုမျိုးသိန်းနဲ့ ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့ရဲ့ ကလေး နှစ်ယောက်ကိုတော့ မဖမ်းဘဲ ထားခဲ့တယ်လို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။
“သူက NLD ထောက်ခံတဲ့သူ၊ တော်လှန်ရေးမှာလည်း တက်တက်ကြွကြွပါတယ်။ အခုဟာကတော့ ဒလန်သတင်းပေးတွေ သတင်းပေးလို့ ဖမ်းခံရတာ”
သူတို့ ဇနီးမောင်နှံကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတာ မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း ယနေ့ထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာ၊ ပြည်သူတွေ ရဲ့ အိုးအိမ်တွေကို ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေကို လုယူတာ၊ လူတွေကို ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေကို မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့ မနေ့ညကလည်း ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ သူနာပြုဆရာမ ဇနီးမောင်နှံကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။