ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က အတည်ပြုပေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ တိုက်တွန်း လိုက်တဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံနဲ့ ပြောဆိုဆွေးနွေးရေးမှာ တိုးတက်မှု အနည်းငယ်ပဲ ရှိတယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ မြန်မာစစ်အုပ်စုနဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ရေး၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အပြီးသတ်ဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း မတည်မငြိမ် ဖြစ်နေတာတွေကို ရပ်တန့်နိုင်ဖို့ အာဆီယံ အသင်းက ဧပြီလတုန်းက သဘောတူခဲ့တဲ့ အချက်ငါးချက်ကို အကောင်အထည်ဖော်ရေးမှာ ထူးခြားတဲ့ တိုးတက်မှု မရှိပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အွန်လိုင်းဗီဒီယိုကနေတဆင့် သတင်းထောက်တွေကို ရှင်းပြပါတယ်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မနေ့ကပြောခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ အာဆီယံက အဆိုပြုထားတဲ့ သုံးဦးထဲက ထိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်းကို သဘောတူထားပေမယ့် အဆိုပြုချက် အသစ်တွေထပ်ပေါ်လာလို့ ရှေ့ မတိုးနိုင်ဘူးဖြစ်နေတယ်။ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံရဲ့ မူဘောင်အတွင်းက ဆောင်ရွက်ဖို့ အသင့်ပဲလို့ဆိုပါတယ်။ မြန်မာနိုင်ငံပြန်ပြီး တည်ငြိမ်မှုရအောင် သံတမန်နည်းလမ်းတွေနဲ့ အာဆီယံအသင်းက ကြိုးပမ်းဖို့ ကုလသမဂ္ဂ၊ တရုတ်နဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများက တိုက်တွန်းနေကြတာပါ။
အာဆီယံရဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ရေးကမ်းလှမ်းချက်ကို မြန်မာဘက်က ချက်ချင်း အတည်ပြု ပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။