တပ်မတော်အရာရှိတွေ အဂတိလိုက်စားတာကို စစ်ဆေးခွင့်မရှိကြောင်း အဂတိကော်မရှင် ပြော


2018.09.30
aungkyi-accm-622.jpg အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/RFA

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်အရာရှိတွေ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေကို ဝင်ရောက်စစ်ဆေးအရေးယူခွင့် မရှိဘူးလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။

RFA နဲ့ ဒီနေ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ တပ်မတော် အရာရှိကြီးတွေရဲ့  အဂတိလိုက်စားမှုတွေရှိရင် ကော်မရှင်အနေနဲ့ အရေးယူ စုံစမ်းစစ်ဆေးတာတွေ ရှိပါသလားလို့မေးရာမှာ ဦးအောင်ကြည်က ဖြေကြားလိုက် တာဖြစ်ပါတယ်။

"တပ်မတော်နဲ့ ပတ်သက်တဲ့ကိစ္စတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူတို့ဘာသာသူတို့ စီမံခန့်ခွဲခွင့်ရှိတဲ့ ပြဿနာများဖြစ်ပါတယ်၊ ကျနော်တို့စီမံခန့်ခွဲလို့ မရနိုင်ပါဘူး"

လောလောဆယ် ကော်မရှင်အနေနဲ့ အစိုးရဆက်ဆက် အာဏာရယူခဲ့တဲ့ ဌာနဆိုင်ရာ ညွန်ကြားရေးမှူးတွေ၊ ညွန်ကြားရေးမှူးချုပ်တွေနဲ့ အမြဲတမ်းအတွင်းဝန်တွေနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု လျော့ကျသွားအောင် အရေးယူဆောင်ရွက်ဖို့ရှိတယ်လို့လည်း ဦးအောင်ကြည်က ပြောပါတယ်။

ဒါ့အပြင် အစိုးရဘဏ္ဍာရေးနှစ်သစ်ရောက်ပြီဖြစ်လို့ တင်ဒါနဲ့စီမံကိန်းလုပ်ငန်းအဆိုပြုလွှာ လျှောက်တင်ရာမှာဖြစ်လေ့ ရှိတဲ့ အဂတိလိုက်စားမှုတွေ နည်းပါးအောင် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဝန်ကြီးဟောင်း ဦးကျော်ဝင်းအမှု စုံစမ်းစစ်ဆေးရာမှာ အာဏာရပါတီခေါင်းဆောင်ပိုင်းက ဝင်ရောက်ဖိအားပေးတဲ့ အတွက် အဂတိလိုက်စားမှုဥပဒေနဲ့ မငြိစွန်းကြောင်း ကြေညာခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း ကော်မရှင်အပေါ် ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကမှ ဖိအားပေးခြင်းမရှိခဲ့သလို၊ ဘယ်လိုဖိအားပေးတာမျိုးကိုမှ လက်ခံမှာမဟုတ်ဘူးလို့လည်း ဦးအောင်ကြည်က ပြောပါတယ်။

လတ်တလောမှာ ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှု အသေးအဖွဲတွေကို အရေအတွက် အများစု ကိုင်တွယ်ဖြေရှင်းနေရတာဟာ တိုင်ကြားတဲ့ပြည်သူတွေရဲ့ တိုင်ကြားမှုပေါ်အခြေခံနေတဲ့ အတွက်ဖြစ်ပြီး အခုနောက်ပိုင်း မြို့နယ်ခရိုင်အဆင့်သာမကပဲ တိုင်းနဲ့ ပြည်နယ်အဆင့်၊ ဌာနဆိုင်ရာအကြီးအကဲအဆင့်တွေ ပါဝင်လာတယ်လို့လည်း ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ RFA တွေ့ဆုံမေးမြန်း အချက်အပြည့်အစုံကို နောက်ရက်တွေမှာ ထုတ်လွှင့်တဲ့ RFA အစီအစဉ်တွေမှာ စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။