ရခိုင်ပြည်နယ် မှတ်ပုံတင် (၁၁ မျဉ်းစောင်းနှင့် အစပြုသည့် နိုင်ငံသားစိစစ်ရေးကတ်) ကိုင်ထားသူတွေကို စစ်ကောင်စီတပ်က ပြည်တွင်းခရီးသွားလာခွင့် ပိတ်လိုက်တယ်လို့ ရန်ကုန်မြို့ အဝေးပြေးခရီးသည်ယာဉ်လိုင်းတွေမှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အခုလိုပိတ်လိုက်တဲ့အကြောင်း မတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်က အကြောင်းကြားစာပေးပို့လာတာလို့ အဝေးပြေးယာဉ်လိုင်းတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့က စာရောက်လာတာပေါ့နော်။ ဂိတ်တိုင်းကို ရောက်တာပေါ့။ ဘယ်မြို့မဆို အကုန်ပိတ်ထားပါတယ်”
ရခိုင်ပြည်နယ် မှတ်ပုံတင် မဟုတ်သူတွေကိုတော့ ရပ်ကွက်၊ ရဲစခန်း၊ အလုပ်နဲ့သက်ဆိုင်တဲ့ ထောက်ခံစာတစ်ခုခုပါမှ လက်မှတ်ရောင်းချဖို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။
ဘာကြောင့်ပိတ်လိုက်လဲဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ အဝေးပြေးယာဉ်လိုင်းတွေမှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အခုလို ခရီးသွားခွင့်ပိတ်လိုက်တာက နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကိုပိတ်လိုက်တာလို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့က ရန်ကုန်မြို့မှာနေလာတာ ဆယ်စုနှစ်မကတော့ပါဘူး။ ဒီလိုလုပ်တယ်ဆိုတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ပိတ်လိုက်တယ်လို့ ခံစားရတာပေါ့။ ကျွန်တော်တို့ကို ခြံစည်းရိုး ထိုးလိုက်သလိုပေါ့”
ခရီးသွားခွင့် ပိတ်ပင်ခံရတာကြောင့် အလုပ်အကိုင်တွေအတွက်လည်း ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းက ကုန်းလမ်းခရီးစဉ်တွေမှာ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ခရီးသွားလာခွင့်ပိတ်လိုက်ပေမယ့် လေကြောင်းခရီးစဉ်အတွက်တော့ ဒီနေ့အထိ ပိတ်တာမရှိဘူးလို့ လေယာဉ်လက်မှတ် အရောင်းဌာနတစ်ခုဘက်က RFA ကိုပြောပါတယ်။
“ကုန်းလမ်းနဲ့မရတာ ဟုတ်ပါတယ်။ လေယာဉ်နဲ့တော့ လက်မှတ်ဖြတ်လို့ရပါသေးတယ်ခင်ဗျ”
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း ရန်ကုန်ကနေ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေကိုပြန်မယ့် ဒေသခံတချို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း ရန်ကုန်ကနေ ရခိုင်ကို အဝေးပြေးကားနဲ့ပြန်ကြမယ့် ရခိုင်လူငယ် တစ်ရာကျော် ရွှေပြည်သာမြို့နယ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။