မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှုကို ပုဒ်မ ၃ခု နဲ့ အမှုဖွင့်
2018.01.31

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှာ လူသတ်မှု ပုဒ်မ (၃၀၂) ၊ သေစေရန် ရည်ရွယ်၍ အကျိုးဖျက်ဆီးမှု ပုဒ်မ (၄၄၀)၊ အားပေးကူညီမှု ပုဒ်မ (၁၁၄) စတဲ့ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဦးဘိုဘိုမင်းသိုက်ဟာ ထိုးသွင်းဒဏ်ရာ ၁၄ ချက်နဲ့ သေဆုံးနေတာဖြစ်ပြီး အလောင်းကိုတော့ မနေ့က ညနေ ၆ နာရီအချိန်လောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရန်ကုန်-စစ်တွေ လမ်းဘေးမှာ တိမ်းစောင်းနေတဲ့ မော်တော်ယာဉ်ရဲ့ အောက်ကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ဆန္ဒပြသူ ၇ ယောက် သေဆုံးခဲ့တဲ့ မြောက်ဦး ဆန္ဒပြမှုဖြစ်စဉ် ကာလတုန်းက မြောက်ဦးမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက်ပိုင်းမှာ ရာထူးနေရာ ပြောင်းရွှေ့ခံလိုက်ရသူ ဖြစ်ပါတယ်။
အဲဒီသေဆုံးမှုဟာ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့အပေါ် မကျေနပ်တာကြောင့် ရခိုင့်တပ်မတော် AA က လုပ်ကြံသတ်ဖြတ်တာဆိုပြီး စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ AA ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ ကတော့ ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုဟာ AA ရဲ့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်အချို့ အစည်းအဝေး ပြုလုပ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။