ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် ဘုန်းကြီးကျောင်းကွေ့နဲ့ ၅၄ မှတ်တိုင်ကြားမှာ ဩဂုတ်လ ၈ ရက် မနေ့က ဆိုင်ကယ်တစ်စီးကနေ ပေါက်ကွဲမှုဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်သေပြီး နောက်တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ဒဂုံမြို့နယ် ဒေသခံက RFA ကို ပြောပါတယ်။
မနေ့က နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ တောင်ဒဂုံ လှော်ကားလမ်းပေါ်က စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားချိတ်ဆွဲထားပြီး လမ်းပေါ်ရပ်ထားတဲ့ ဆိုင်ကယ်နားကို စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် ရောက်လာ ချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) ကလည်း သူတို့လက်ချက် ဖြစ်တယ်လို့ မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုကနေ အနည်းဆုံး စစ်သား တစ်ယောက် သေဆုံးနိုင်ပြီး ဒဏ်ရာရသူ အနည်းဆုံး တစ်ယောက်ရှိနိုင် တယ်လို့လည်း ဖ.ဆ.လ.တ က ဆိုထားသလို မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ကြေညာထားပါတယ်။
၈ လေးလုံး အရေးတော်ပုံ ၃၃ နှစ်ပြည့်တဲ့ ဩဂုတ်လ ၈ ရက်နေ့မှာပဲ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာလည်း ပေါက်ကွဲမှုတစ်ခုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ရှိခဲ့ပါတယ်။ မန္တလေး အိုးဘိုထောင်မှာလည်း ဩဂုတ် ၈ ရက်နေ့ ညပိုင်းမှာ အကျဉ်းထောင်အတွင်း ဆန္ဒပြမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။