နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ အိန္ဒိယနဲ့ စစ်ကောင်စီ ဆွေးနွေး

RFA Burmese
2025.02.17
နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ အိန္ဒိယနဲ့ စစ်ကောင်စီ ဆွေးနွေး စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းမင်းနှင့် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ရှရီ ဂျစ်တင် ပရက်ဆာဒါ (Shri Jitin Prasada) တို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က နယူးဒေလီတွင် တွေ့ဆုံခဲ့စဥ်။
India Shipping News Photo

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စတင်နိုင်ဖို့ စစ်ကောင်စီနဲ့ အိန္ဒိယအစိုးရတို့ ဆွေးနွေးခဲ့ကြကြောင်း India Shipping News က ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းမင်းနဲ့ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ရှရီ ဂျစ်တင် ပရက်ဆာဒါ (Shri Jitin Prasada) တို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က နယူးဒေလီမှာတွေ့ဆုံချိန် အခုလို ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေးကို မြှင့်တင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကုန်လမ်းကတစ်ဆင့် နယ်စပ်ကုန်သွယ်ရေး ပြန်စတင်ဖို့ အရေးကြီးပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ နှစ်ဖက် သဘောတူခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် အိမ်သုံးဆေးဝါး၊ ပဲမျိုးစုံနဲ့ ရေနံထွက်ကုန်ကဏ္ဍတွေရဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး အလားအလာအပေါ်မှာလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် ကုန်သွယ်မှု အများဆုံးနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံနဲ့ ၂၀၂၃- ၂၀၂၄ ခုနှစ်မှာ ၁ ဒသမ ၇၄ ဘီလီယံ ရှိခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အိန္ဒိယ-မြန်မာနယ်စပ်က ကုန်သွယ်ရေးဂိတ်အများစုကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။