အာဏာသိမ်း စစ်ကောင်စီတပ်ကနေ လက်နက်အပြည့်အစုံယူပြီး မင်းတပ် CDF အဖွဲ့ထံ လာရောက် ပူးပေါင်းတဲ့ စစ်သားတွေကို ဆုငွေ သိန်း ၅၀ ပေးမယ်လို့ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ် CDF က သြဂုတ်လ ၁၀ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကြေညာချက်ထုတ်ပြန်ပြီး ကမ်းလှမ်းလိုက်ပါတယ်။
စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်လိုပြီး ပြည်သူနဲ့အတူရပ်တည်လိုတဲ့ လက်နက်ခဲယမ်း အပြည့် အစုံနဲ့ လာရောက်ပူးပေါင်းတဲ့ စစ်သားတွေကို နွေးထွေးစွာကြိုဆိုပြီး ဆုငွေအပြင် ပြည်ပနိုင်ငံတစ်ခုခု ဒါမှ မဟုတ် သွားချင်တဲ့ နေရာတစ်ခုခုကို စီစဉ်ပေးသွားမယ့်အကြောင်းလည်း မင်းတပ် CDF က သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူးမြို့ ကင်းစခန်းတစ်ခုက ရဲနဲ့စစ်သား အယောက် ၂၀ တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ မင်းတပ် CDF အဖွဲ့နဲ့ လာရောက်ပူးပေါင်း ခဲ့ပါတယ်။
အာဏာဖီဆန်ရေး CDM လုပ်ပြီးတဲ့နောက် ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ ခမရ ၅၂၈ က ဗိုလ်ကြီး လင်းထက်အောင် ကတော့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်ကို ကူးပြောင်းခဲ့တဲ့ အရာရှိနဲ့ စစ်သည် စုစုပေါင်း ၈ဝဝ ခန့်ရှိလာပြီလို့ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ခန့်မှန်းပြောဆိုထားပါတယ်။