မြန်မာနိုင်ငံက အသက် ၅ နှစ်ကနေ ၁၇ နှစ်အကြား ကလေးသူငယ် ၁၂ သန်းမှာ ၁ဝ ရာခိုင်နှုန်းဖြစ်တဲ့ ကလေး ၁၂ သိန်းဟာ ကလေးအလုပ်သမားအဖြစ် ရောက်ရှိနေရပြီး မကြာခဏဆိုသလို လုပ်ငန်းခွင်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒီနေ့ကျရောက်တဲ့ ကလေးအလုပ်သမား တိုက်ဖျက်ရေးနေ့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO က ထုတ်ပြန်လိုက်ပါတယ်။
ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမနေနိုင်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်သမားဖြစ်လာကြတဲ့ မြန်မာကလေးသူငယ်တွေဟာ လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေအကြောင်း အနည်းငယ်သာ သိရှိကြတဲ့အတွက် ဒီအကျိုးဆက်ကြောင့် လုပ်ငန်းခွင်မှာ အသက်အန္တရာယ် ကျရောက်တဲ့အထိ အခြေအနေတွေ ရင်ဆိုင်နေရတယ်လို့လည်း ILO ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ၆ သိန်းကျော်ရှိပြီး ဒီကလေးအလုပ်သမားတွေဟာ ကျန်းမာရေး၊ လုံခြုံရေးနဲ့ အကျင့်စာရိတ္တကိုပါ ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။
မြန်မာ ကလေးအလုပ်သမားအများစုဟာ တခြား အာရှ ပစိဖိတ်ဒေသက နိုင်ငံအများစုမှာလို လယ်ယာအလုပ်ကနေ လမ်းဘေးလက်ဖက်ရည်ဆိုင်အထိ ကျပန်းအလုပ်တွေ လုပ်ကိုင်နေကြရပါတယ်။
မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားအရေးဟာ ဖြေရှင်းရမယ့် ထုထည်ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်ပြီး ဒီပြဿနာကို အမျိုးသားရေး ဦးစားပေးလုပ်ငန်းအဖြစ် လုပ်ဆောင်ဖြေရှင်းဖို့ ကြီးမားတဲ့စိန်ခေါ်မှုလည်း ဖြစ်နေပါတယ်လို့ ILO မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Rory Mungoven က ဒီနေ့ကျရောက်တဲ့ ကလေးအလုပ်သမား တိုက်ဖျက်ရေးနေ့မှာ ပြောကြားပါတယ်။
မြန်မာနိုင်ငံဟာ ကလေးသူငယ်တွေအတွက် အဆိုးဆုံးလုပ်ငန်းတွေက ကင်းရှင်းရေး ILO သဘောတူစာချုပ် အမှတ် ၁၈၂ ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ပြီး ILO ရဲ့ အကူအညီနဲ့ ကလေးအလုပ်သမားဖြေရှင်းရေး အမျိုးသား စွမ်းဆောင်မှုစီမံကိန်းတရပ် ရေးဆွဲနေတယ်လို့ သိရပါတယ်