ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို မစစ်ဆေးဘဲ ရုံးချိန်းတွေထပ်ရွှေ့

2021.08.02
Share on WhatsApp
Share on WhatsApp
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို မစစ်ဆေးဘဲ ရုံးချိန်းတွေထပ်ရွှေ့ နေပြည်တော်ကောင်စီဝင်းအတွင်း အထူးပြုလုပ်ထားတဲ့တရားရုံးမှာ ၂၀၂၁ မေလ ၂၄ ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင် တို့ကို ရုံးထုတ်ခဲ့စဥ်
Photo: MRTV/Handout

နိုင်ငံတောာ်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့အမှုတွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၂ ရက်နေ့ ဒီနေ့ရုံးချိန်းမှာ စစ်ဆေး ရမှာဖြစ်ပေမယ့် အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုး က RFA ကို ပြောပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အထူးတရားရုံးမှာ စစ်ဆေးနေတဲ့ အမှုတွေအတွက် အရင်သြဂုတ်လ ၂ ရက် နေ့နဲ့ ၃ ရက်နေ့တွေကို ချိန်းဆိုထားတဲ့အမှုတွေကို နောက်တစ်ပတ်ခွာပြီး သြဂုတ်လ ၉ ရက်နေ့နဲ့ ၁၀ ရက် နေ့တွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာတွေကို ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဇူလိုင်လ ၁၇ ရက်ကနေ ဇူလိုင် ၂၅ ရက်နေ့ထိ ကိုးရက်ဆက်တိုက် ရုံးပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါတယ်။

အဲဒီရုံးပိတ်ရက်ရှည်တွေကို သြဂုတ်လ ၁ ရက်နေ့ထိ တစ်ကြိမ်၊ သြဂုတ်လ ၈ ရက်နေ့ထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ထပ်မံသက်တမ်းတိုးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်း သုံးပတ်ဆက်တိုက် ရွှေ့ဆိုင်းခဲ့ရတဲ့ အခြေအနေတွေလည်းဖြစ်ပါတယ်။

အခုတစ်ပတ် ရုံးချိန်းရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ မျိုးအောင် တို့ကို ဗီဒီယိုအွန်လိုင်းစနစ်ကနေ တရားရုံးကခေါ်ယူတွေ့ဆုံပြီး ရုံးချိန်း ချိန်းဆိုတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးလည်း ကောင်းမွန်နေတယ်လို့ ယူဆရကြောင်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် စုစုပေါင်းအမှု ကိုးခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။

ဒါကြောင့် အဲဒီအမှုတွေ အားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံး ပြစ်ဒဏ်တွေပေးခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၄၀ ကျော် ကျခံရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။