ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မစစ်ဆေးဘဲ ရုံးချိန်းထပ်ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၉ ရက်နေ့ ဒီနေ့ရုံးချိန်းမှာ စစ်ဆေးရမှာဖြစ် ပေမယ့် အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အထူးတရားရုံးမှာ စစ်ဆေးနေတဲ့အမှုတွေအတွက် အရင်သြဂုတ်လ ၉ ရက် နေ့နဲ့ ၁၀ ရက်နေ့တွေတွေကို ချိန်းဆိုထားတဲ့အမှုတွေကို နောက်တစ်ပတ်ခွာပြီး သြဂုတ်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဦးခင်မောင်ဇော် က ပြောပါတယ်။

“၉ ရက် ၁၀ ရက်ရုံးချိန်းတွေ မရှိတော့ပါဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း ကျနော်တို့ တွေ့ခွင့်မရပါဘူး။ ရုံးချိန်းတွေကတော့ အရင်စီစဉ်ထားပြီးတဲ့အတိုင်း တနင်္လာနဲ့ အင်္ဂါတိုင်းမှာ စွဲချက် အဆင့်ရောက်တဲ့အထိ ချိန်းမှာဖြစ်တဲ့အတွက်ကြောင့် ၁၆၊ ၁၇ ကို ပြောင်းချိန်းပါတယ်”

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာတွေကို ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဇူလိုင် ၁၇ ရက်ကနေ ဇူလိုင် ၂၅ ရက်နေ့ထိ ကိုးရက်ဆက်တိုက် ရုံးပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါတယ်။

အဲဒီရုံးပိတ်ရက်ရှည်တွေကို သြဂုတ်လ ၁ ရက်နေ့ထိ တစ်ကြိမ်၊ သြဂုတ်လ ၈ ရက်နေ့ထိ တစ်ကြိမ်၊ သြဂုတ်လ ၁၅ ရက်နေ့ထိ တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ထပ်မံသက်တမ်းတိုးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်း လေးပတ်ဆက်တိုက် ရွှေ့ဆိုင်းခဲ့ရတဲ့ အခြေအနေတွေလည်းဖြစ်ပါတယ်။

ရုံးချိန်းလေးပတ် ရွှေ့ဆိုင်းခဲ့တာကြောင့် အမှုတွေကို မစစ်ဆေးဖြစ်တာ အချိန်ကာလအားဖြင့် တစ်လကြာ မြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေတွေ လူချင်းမတွေ့ဖြစ်တာလည်း အချိန်တစ်လကြာမြင့်ပြီ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် စုစုပေါင်းအမှု ကိုးခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။

ဒါကြောင့် အဲဒီအမှုတွေ အားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံး ပြစ်ဒဏ်တွေပေးခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၄၀ ကျော် ကျခံရမှာဖြစ်ပါတယ်။