ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိမှုအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပယ်ချ
2023.02.15

ထောင်ဒဏ်ကျခံဖို့ အမိန့်ချခံထားရတဲ့ အဂတိလိုက်စားမှု နှစ်ခုနဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံတင်သွင်းမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖေဖော်ဝါရီလ ၁၅ ရက်မှာ လက်မခံဘဲ ပယ်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံရယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်သုံးနှစ်ကျခံဖို့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။
ဒီငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးတာမဟုတ်ဘဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့ လှူခဲ့တဲ့အကြောင်း ဦးမောင်ဝိတ်က ထွက်ဆိုထားပါတယ်။
ဒီအမှုအတွက် တင်သွင်းတဲ့ အယူခံပယ်ချခံရတာဟာ ရသင့်တဲ့ အခွင့်အရေး ဆုံးရှုံးမှု ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အယူခံခွင့်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ မှာလည်းရှိတယ်။ အယူခံခွင့်ဆိုတာ ပေးကိုပေးရတာ။ ဒါပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံခွင့်တောင် မပေးတဲ့သဘောပေါ့ဗျာ”
NLD အစိုးရလက်ထက် ရဟတ်ယာဉ် ဝယ်ယူဌားရမ်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ် စွပ်စွဲအမိန့်ချထားတဲ့ အမှုငါးခုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဖေဖော်ဝါရီလ ၁၄ ရက်က အယူခံတင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။ သမ္မတ ဦးဝင်းမြင့်ကတော့ အမှု ရှစ်မှုအတွက် ထောင် ၁၂ နှစ် ချမှတ်ခံထားရပါတယ်။