အနေအထိုင် ဆက်လက်ဆင်ခြင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးသူတွေ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူရဲ့ လက္ခဏာတွေက မကြာခဏ ပြောင်းလဲနေတာမို့ အထူးသတိထားဖို့ ကျန်းမာရေးပညာရှင်တွေက ပြောကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရိုနာဗိုင်းရပ် စမ်းသပ်၊ ကာကွယ်ကုသရေးတွေ လုပ်နေတဲ့ ဆရာဝန်တွေ ဒီနေ့မနက်ပိုင်းက အွန်လိုင်းကနေ တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြရာမှာလည်း ရောဂါကူးစက်ခံရမှန်း မသိတဲ့သူတွေ ရှိနိုင်တဲ့အတွက် အထူးဂရုစိုက်ဖို့ ထည့်သွင်းပြောကြားခဲ့ကြပါတယ်။

အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ ရောဂါလက္ခဏာတွေ မကြာခဏ ပြောင်းလဲနိုင်တဲ့အပြင် ကူးစက် ခံရသူ ဖျားနာတဲ့အဆင့် မရောက်ခင် သတိမထားမိဘဲ ရောဂါဖြန့်ဝေသူတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်းမာရေးပညာရှင်တွေ ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ အွန်လိုင်း ကနေ တွေ့ဆုံဆွေးနွေးကြရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ကူးစက်ခံနေရတယ်ဆိုတာကို သတိမထားမိတဲ့အတွက် သာမန် ကျန်းမာရေးကောင်းမွန်သူတွေလို နေထိုင်ရာ ကနေ တခြားလူတွေကို ကူးစက်စေနိုင်တယ်လို့ ကုသခြင်းဆိုင်ရာ တာဝန်ခံ ပါမောက္ခ ဒေါက်တာမိုးမိုးစမ်း က ပြောပါတယ်။

“အခုက ဆေးရုံတွေမှာ လူနာတွေက တဖြည်းဖြည်းချင်းလာတဖြစ်တဲ့အတွက် ကုသနိုင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ အုံလိုက်ကျင်းလိုက်ဖြစ်မယ်ဆိုရင် ပေါ့စတစ်တွေကို လက်ခံကုသရတဲ့သူတွေ၊ သံသယလူနာတွေကို ကုသရမယ့်ဆေးရုံတွေမှာ လူနာအင်အား တအားများလာမယ်ဆိုရင် လူမလုံလောက်တာတွေ၊ ပီပီအီးလို့ခေါ်တဲ့ ကာကွယ်ရေးဝတ်စုံ မလုံလောက်တာတွေ၊ ဆေးတွေ၊ ICU မလုံလောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုတွေ မဖြစ်လာဖို့ လူထုရဲ့အင်အားပါဝင်မှုက အရမ်းအရေးကြီးပါတယ်။”

အဲဒါကြောင့်လည်း အနံ့ခံနိုင်မှုအာရုံ မရှိတော့တာ၊ ဝမ်းသွားတာတွေ စတဲ့ အပြောင်းလဲလာတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်လာရင် ကျန်းမာရေးဌာနကို ဆက်သွယ်ဖို့ ထုတ်ပြန်ထားတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံပေါင်း ၁၁၆၈ ရုံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကုသနိုင်ဖို့အတွက် မပြင်ဆင်နိုင်ဘဲ အဓိကကုသမှုပေးနိုင်တဲ့ဆေးရုံတွေကို သီးသန့်အနေနဲ့ ပြင်ဆင်သတ်မှတ်ထားပါတယ်။

အထူးသဖြင့် နိုင်ငံတကာလေဆိပ်တွေရှိတဲ့မြို့တွေမှာတည်ရှိတဲ့ ရန်ကုန်တိုင်းက ဝေဘာဂီဆေးရုံ၊ နေပြည်တော် ပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံတွေပါဝင်ပြီး တခြားတိုင်းနဲ့ ပြည်နယ်အဆင့် ဆေးရုံတွေကိုလည်း ကုသမှုပေးနိုင်တဲ့ ဆေးရုံတွေအဖြစ် သတ်မှတ်ထားပါတယ်။ ရန်ကုန်၊ မန္တလေးအပါဝင် တိုင်းနဲ့ပြည်နယ်တွေက ဆေးရုံတွေမှာ အရင်က ကူးစက်ခံ သံသယလူနာတွေကိုသာ စောင့်ကြည့်ကုသပေးပေမဲ့ အခုဆိုရင် ဖျားတာ၊ ချောင်းဆိုးတာ စတဲ့လက္ခဏာတွေ တွေ့ရတာနဲ့ ဆေးရုံမှာ စောင့်ကြည့်ပေးနေတယ်လို့ ကြိုတင်ပြင်ဆင်ခြင်းနဲ့ စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်ခံ ဒေါက်တာ သီတာလှက ဝင်ရောက် ဆွေးနွေးခဲ့ပါတယ်။

“နိုင်ငံမှာရှိတဲ့ ရန်ကုန်၊ မန္တလေးဆေးရုံတွေမှာ PUI (သံသယလူနာ)ကိုပဲ လက်ခံတာကနေ ဖျားတယ်၊ ချောင်းဆိုး တယ်၊ အသက်ရှူကြပ်တဲ့လူနာတွေကို လက်ခံပြီးတော့ ကုသနေရပါတယ်။ တစ်ယောက်ဆိုရင် ဝေဘာဂီ မရောက်ဘဲ ရန်ကုန်ဆေးရုံကြီးမှာတင် သေဆုံးသွားတာရှိပါတယ်။ ဒီလိုနဲ့ပဲ ကျမတို့ဆောင်ရွက်နေတာကို တင်ပြလိုပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လိုနိုင်ငံမျိုးမှာ ရောဂါကူးစက်ခံရပြီး မပြင်းထန်တဲ့လူနာတွေကို အိမ်မှာနေပြီးကုခိုင်းပေမဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံတော်က တာဝန်ယူ ကုသပေးနေ တာဖြစ်တယ်လို့ ပြောပါတယ်။

“ကိုယ့်အိမ်မှာကိုယ်နေပြီးကုဖို့ မပြောရတဲ့အကြောင်းရင်းက ပြည်သူပြည်သားတွေက ဒီလောက်ချမ်းသာ တာလည်း မဟုတ်ဘူး။ တချို့တွေက ကိုယ်အိမ်မှာကိုယ်ကုဖို့ဆိုတာ အခြေအနေမပေးပါဘူး။ အခန်းလေးတစ်ခန်း ထဲမှာ မိသားစုကလည်းများတယ်ဆိုရင် ဘယ်လောက်ပဲ မပြင်းထန်ဘူးပြောပြော ကိုယ့်အိမ်မှာကုဖို့က လုံးဝ လက်တွေ့မကျဘူး။ မိသားစုကနေ တခြားလူကို ကူးနိုင်တယ်။ ဒါကြောင့်ရှိသမျှအရင်းမြစ်တွေနဲ့ လုပ်ပေးနေ တာပါ။ ဒါကြောင့် ပြည်သူပြည်သားတွေက ဝိုင်းကူဖို့ ထပ်တလဲလဲပြောနေရတာပါ။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် အခု ရောဂါကူးစက်ခံရ ၁၅၀ ထဲမှာ တချို့က အတည် ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ပါဘူး။ ကူးစက်ခံရသူက ကိုယ်တိုင်တောင်မသိလိုက်ဘဲ အများကို ထပ်ဆင့်ကူးစက် စေနိုင်တာကြောင့် ခပ်ခွာခွာနေဖို့ သတိပေးနေရတာဖြစ်တယ်လို့ ကျန်းမာရေးအသိပညာတွေကို မျှဝေပေးနေတဲ့ ဒေါက်တာထက်ဝင်း က RFA ကို မှတ်ချက်ပေးပါတယ်။

“ကိုယ့်ဆီမှာ ကိုရိုနာဗိုင်းရပ်ရှိနေတာက လက္ခဏာမပြဘူး၊ ကိုယ်နဲ့ထိတွေ့လိုက်သူမှာ လက္ခဏာပြတယ်။ ပေါ့စတစ်ဖြစ်တယ်။ ရောဂါလက္ခဏာမပြဘူး။ အကောင်းတိုင်းပဲရှိနေပေမဲ့ ရောဂါကူးစက်သူဖြစ်နေနိုင်ပါတယ်။ အဲဒီလိုကူးစက်မှုနုန်းက နည်းနည်းများလာနိုင်ပါတယ်။”

အခုချိန်အထိ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၅၄ သန်းထဲက သံသယလူနာ ၇၅၀၀ ကျော်ရဲ့ နမူနာတွေကို ဓာတ်ခွဲစစ်ဆေးနိုင်ခဲ့ပါတယ်။

ဓာတ်ခွဲစစ်ဆေးနေရင်း မီးပျက်တာတွေကြောင့် မီးစက်ကြီးတစ်လုံး လိုအပ်တာကိုလည်း အမျိုးသားဓာတ်ခွဲမှု ဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင်က တင်ပြပါတယ်။

“အဓိကလိုတာက မီးစက်အကြီးပါ။ ဘာလို့လဲဆိုတော့ အခုတလော ရန်ကုန်မှာ မိုးရွာပါတယ်။ မီးပြတ်ပါတယ်။ အခုလည်း ရုံးက ပြောပါတယ်။ မီးစက်နှစ်လုံး မီးမဝင်ပါဘူး။ ဒါကြောင့် ၅၀၀ ကေဗွီအေ မီးစက်ကြီးသာရခဲ့ရင် တတိယလိုင်းအနေနဲ့ Backup ရှိပါတယ်။ လုပ်နေရင်းနဲ့မှ မီးပြတ်သွားရင် ပစ္စည်းတွေ နှမြောဖို့ကောင်းပါတယ်။ ညနေပိုင်းမှာ အဖြေထုတ်ပေးရမယ့် ကြွေးကျန်တွေ များလာပါတယ်။ အဲဒါကြောင့် မီးစက်ရရင် အဆင်ပြေ ပါတယ်။”

ပြည်ပကနေ နောက်ထပ်ပြန်လာမယ့် မြန်မာနိင်ငံသား သိန်းချီရှိနေတဲ့အကြောင်း၊ ဒီရောဂါမကူးစက်အောင် အစိုးရတင်သာမက ပြည်ပကပြန်လာမယ့်သူတွေ၊ နိုင်ငံသားတွေအားလုံးကလည်း ပူးပေါင်းကာကွယ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။