နယ်သာလန်ထိသွားရောက်ဝန်းရံကြမယ့်ခရီး လမ်းလွဲနေပြီလား

0:00 / 0:00

နိုင်ငံတကာတရားရုံး ICJ မှာအစွဲခံထားရတဲ့ မြန်မာအမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ထွက်ချက်ပေးမယ့် ခရီးစဉ်မှာ သူ့ကိုထောက်ခံသူတွေက ကန်ဒေါ်လာထောင်ချီ ကုန်ကျခံပြီး လိုက်ပါအားပေးဖို့ ဆန္ဒရှိနေတဲ့အတွက် ခရီးသွားလုပ်ငန်းတချို့ကလည်း လျှော့ဈေးတွေနဲ့ ဝန်ဆောင်မှုပေးနေကြပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက် Geneva Convention၊ ကုလသမဂ္ဂ ပဋိညာဉ်ကို မြန်မာက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်နိုင်ငံ (OIC) ၅၇ နိုင်ငံကိုယ်စားပြုပြီး ICJ မှာ တရားစွဲဆိုထားပါတယ်။ ရန်ကုန်ကနေ သဟိဂ်မြို့ကို သွားရောက်ဖို့ လေယာဉ်ပေါ်မှာ ၁၂ နာရီ ကြာမြင့်မှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၉ ကနေ ၁၄ ထိ ကြာမြင့်မယ့်ခရီးစဉ်အတွက် တစ်ဦးရဲ့ကုန်ကျငွေ ကန် ဒေါ်လာ ၂၁ဝဝ ကနေ ၂၄ဝဝ အထိ ကုန်ကျမယ်လို့ ဗီဇာဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဇူလိုင်က RFA ကို ရှင်းပြပါတယ်။ ပုံမှန်ဈေးက ဒေါ်လာ ၃ဝဝဝ ခန့်ရှိပါတယ်။ ပုံမှန်ဈေးဆိုရင် ကျပ်ငွေ ၄၅ သိန်းခန့် ကုန်ကျနိုင်တဲ့သဘောပါ။

ဒါဟာ လုပ်ခလစာ ၂ သိန်းဝင်ကျင်ရရှိကြတဲ့ အလုပ်သမားတစ်ယောက်ရဲ့ဝင်ငွေနဲ့ဆိုရင် လပေါင်း ၂၀ ကျော်စုရမယ့် ငွေပမာဏနဲ့ညီမျှပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ရက်စွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားရောက်မယ့်အပေါ် နိုင်ငံတစ်ဝှမ်းက လူထုလူတန်းစားအသီးသီးတို့က ထောက်ခံမှုတွေ ပြသနေတာက အရေးကြီးရင် သွေးစည်းတယ်ဆိုတဲ့အတိုင်း နိုင်ငံအတွက်အင်အားဖြစ်ထွန်းစေမယ်လို့ ရေးသားထားပါတယ်။

နိုင်ငံခြားရေးက ဒီလိုပြောဆိုနေပေမယ့်၊ ဒီလိုလူထုထောက်ခံပွဲလုပ်ရပ်ဟာ အတိမ်းအစောင်းမခံနိုင်တဲ့ အန္တရာယ်များတဲ့လုပ်ရပ်လို့ ရှုမြင်နေသူက အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခ ပါ။

"တကယ်ပြန်စဉ်းစားကြည့်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ် ဆိုတာထက်လေ စစ်တပ်လုပ်ထားတဲ့ ကိစ္စရပ်တွေပေါ်မှာ လူထုကိုယ်တိုင် ဖုံးကွယ်ပေးနေသလို ဖြစ်သွားမှာအရမ်းစိုးရိမ်တယ်။ တကယ်ကျူးလွန်ခဲ့တဲ့သူတွေကို အကာအကွယ်ပေးတဲ့ကိစ္စမှာ ဝင်ပါတာ အားပေးအားမြှောက်ပြုတာ ဟာလည်း ဒီ Genocide ရဲ့ တစ်စိတ်တပိုင်းအနေနဲ့ သတ်မှတ်လို့ ရတယ်ပေါ့။ အဲဒါကြောင့် ကျွန်တော်တို့က တချို့ထောက်ခံပွဲတွေဟာ အရမ်းအန္တရာယ်များတယ်လို့ မြင်ပါတယ်"

အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်ခ ပြောသွားတာပါ။

လက်ရှိ အယောက် ၂၀ ကျော်လောက် ဝန်ဆောင်မှုလုပ်ဆောင်ပေးနေပြီး စုံစမ်းသူတွေ၊ လိုက်ချင်တဲ့ သူတွေအများကြီးရှိတယ်လို့လည်း ဒေါ်ဇူလိုင်က RFA ကို ပြောပါတယ်။

"တော်တော်များတယ်၊ စုံစမ်းတဲ့သူတွေရော လိုက်ချင်တဲ့သူတွေရော အများကြီးပဲပေါ့နော်။ ဒီအထဲကမှ ကျွန်မတို့က ဗီဇာလျှောက်ပေးတယ်ပေါ့နော်။ ဒါပေမဲ့ ဗီဇာ ရတာ မရတာကတော့ သံရုံးရဲ့ အဆုံးအဖြတ်ပေါ့ရှင်"

လက်ရှိ လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာ We Stand With You ကျနော်တို့ ထောက်ခံပါတယ်ဆိုပြီး လှုံ့ဆော်မှုတွေရှိနေပါတယ်။ ဒါပေမဲ့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ သူ့အနေနဲ့ We stand with Justice တရားမျှတမှုကို ထောက်ခံတယ်လို့ပြသတာက ပိုသင့်တော်တယ်လို့ ပြောပါတယ်။

"We Stand With Justice ပဲ လုပ်ကြပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒါကိုပဲ သတိပေးတယ်။ အဲဒါကို လိုက်နာကြပါလို့ ကျွန်တော်ကတော့ ထပ်လောင်းပြောချင်ပါတယ်"

Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ကိုယ်ကဘာ ကိုထောက်ခံမှာလဲဆိုတာ ဂဃနဏမသိတဲ့အချိန်၊ ပြဿနာရဲ့ အတိမ်အနက်ကို နားမလည်ပြမိတာမျိုးက လမ်းလွှဲတဲ့ ထောက်ခံမှုတွေဖြစ်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

"ဘာကိုထောက်ခံမှာလဲဆိုတာက ဂဃနဏ ရှင်းရှင်းလင်းလင်းမဖြစ်တဲ့ အချိန်မှာ ဒီလိုထောက်ခံမှုတွေက ပြဿနာကို ပိုပြီးဆိုးရွားစေနိုင်တယ်။ ပြီးလို့ရှိရင် ပြဿနာရဲ့ အတိမ်အနက်ကို နားမလည်ဘဲနဲ့ လမ်းလွှဲတဲ့ ထောက်ခံမှုတွေဖြစ်မှာကို ကျွန်တော် အရမ်းစိုးရိမ်တယ်"

ဒေါ်အောင်ဆန်းစုကြည်ခရီးကို ကံကောင်းပါစေကြောင်း ဆုတောင်းပေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ရိုနန် ဂေးလ်လားက တွစ်တာ Twitter ပေါ်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ နာရီပိုင်းအတွင်းမှာပဲ ဖြုတ်ချသွားပြီး နောက်တစ်နေ့မှာ မှားယွင်းတဲ့ဆောင်ရွက်ချက်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့တဲ့ သာဓက ရှိပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲချက်တွေမှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာတဲ့ လူမျိုးစုအပေါ် ဖိနှိပ်ဆက်ဆံတာတွေကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ခဲ့တာ၊ လူမျိုးစုတွေကို တရားဝင် ရပိုင်ခွင့်တွေ ပေးဖို့ငြင်းဆန်ခဲ့တာ၊ သူတို့ကို ဆန့်ကျင်တဲ့ အမုန်းတရားတွေကို ဝါဒဖြန့်ခဲ့တာ၊ အစုအဖွဲ့တစ်ခုအဖြစ် ပစ်မှတ်ထားပြီး အစုလိုက်၊ အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။