ချင်းပြည်နယ်မှာကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဒိန်းမတ်မှာ တရားစွဲ

ဒိန်းမတ်ဥ‌ပဒေသစ်အရ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ရင် နိုင်ငံဒေသမခွဲ စုံစမ်းစစ်ဆေး အရေးယူနိုင်ဟုဆို။

၂၀၂၁ စစ်အာဏာသိမ်းအပြီး နေအိမ်နဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ မြန်မာ အမျိုးသမီးတစ်ဦးက ပစ်မှုကျူးလွန် ခဲ့တဲ့ မြန်မာစစ်တပ်အကြီးအကဲတွေကို စစ်ရာဇဝတ်မှုနဲ့ ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်‌‌ဟေဂင် တရားရုံးတစ်ရုံးမှာ အောက်တိုဘာ ၂၆ ရက်နေ့က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

မြန်မာစစ်တပ် စစ်ကြောင်းတစ်ကြောင်းက ချင်းပြည်နယ်မှာရှိတဲ့ ရွာတစ်ရွာက နေအိမ် ၄၀ ကို မီးရှို့ဖျက်ဆီးခဲ့ပြီး

မိသားစုဝင်တွေနဲ့ မိသားစုမိတ်ဆွေတွေ ဆုံးရှုံးခဲ့ရတဲ့ ဒီအမျိုးသမီးဟာ အိန္ဒိယနိုင်ငံကို တစ်ခြားဒေသခံ ထောင်ပေါင်းများစွာနဲ့အတူ ထွက်ပြေးခဲ့ရပြီး လွန်ခဲ့တဲ့ ၃ နှစ်က ဒိန်းမတ်နိုင်ငံကို ရောက်ရှိ ခိုလှုံခဲ့တာဖြစ်တယ်လို့ တရားရေးသတင်းတွေကို ရေးသားဖော်ပြတဲ့ Courthouse News က ရေးသားပါတယ်။

နိုင်ငံတကာက စစ်ရာဇဝတ်မှုတွေ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်တဲ့ နေရာဒေသအခြေမခံဘဲတရားစီရင်နိုင်တဲ့ နိုင်ငံတကာဥပဒေကို ဒိန်းမတ်နိုင်ငံက ၂၀၂၄ မှာ အတည်ပြုခဲ့ပြီး ၂၀၂၅ မှာ စတင် အသက်ဝင်ခဲ့တာဖြစ်ပါတယ်။ လူသိရှင်ကြား အမည်ဖော်ထုတ်ခြင်း မရှိတဲ့ ဒီအမျိုးသမီးရဲ့ ကိုပင်ဟေဂင်အခြေစိုက် ရှေ့နေ အက်ဒီအိုမာရိုစင်းဘတ် ခါဝါဂျာ (Eddie Omar Rosenberg Khawaja) က ဥပဒေသစ်အရ ပြည်သူတွေက အာဏာပိုင်တွေကို ကျူးလွန်တဲ့ နေရာဒေသနိုင်ငံမရွေး တရားစီရင်နိုင်သွားပြီလို့ ပြောပါတယ်။

“ဒီဒိန်းမတ်ဥပဒေသစ်အရ ဘယ်နေရာ ဘယ်ဒေသမှာ၊ ဘယ်နိုင်ငံသား၊ ဘယ်လိုလူပုဂ္ဂိုလ်မျိုးက ဘယ်လိုလူမျိုးအပေါ် ကျူးလွန်ခဲ့တယ်ဆိုတာ အရေးမကြီးတော့ပါဘူး။ ဒီအမျိုးသမီး ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ရာဇဝတ်မှုကို ကျူးလွန်ရာမှာ တာဝန်ရှိခဲ့တဲ့ တပ်ခေါင်းဆောင်တွေကို ရှာဖွေဖော်ထုတ်ပြီး စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ဒိန်းမတ်ပြည်သူတွေက ဒိန်းမတ်အာဏာပိုင်တွေကို တောင်းဆိုခွင့်ရှိသွားပြီဖြစ်ပါတယ်။”

ဒီတိုက်ခိုက်မှုအတွက် စစ်တပ်ကို ဦးဆောင်ခဲ့တဲ့ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိကြီးတွေမှာ အဓိက တာဝန်ရှိသူ တရားခံတွေအဖြစ် တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် တရားရုံးက ဒီအမှုကို အတည်ပြုလက်ခံခြင်းရှိမရှိတော့ မသိရသေးပါဘူး။

ဒိန်းမတ်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) မှာ စစ်ဆေးနေဆဲဖြစ်တဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ဖြစ်တဲ့ မြန်မာနဲ့ ဂမ်ဘီယာအမှုမှာ တရားလိုနိုင်ငံ တစ်နိုင်ငံအဖြစ် ၂၀၂၃ မှာ ပူးပေါင်း ပါဝင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

၂၀၁၇ က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အဲဒီအချိန်က တာဝန်ရှိသူ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေကို ဂမ်ဘီယာနိုင်ငံက တရားလိုအဖြစ် နယ်သာလန်နိုင်ငံ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) မှာ ၂၀၁၉ မှာ အမှုဖွင့်တရားစွဲထားပါတယ်။

အလားတူ ဒီရာဇဝတ်မှုတွေအတွက် မြန်မာ စစ်တပ်ခေါင်းဆောင် ခြောက်ဦးကို အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ ၂၀၂၁ ဒီဇင်ဘာလက တရားစွဲဆိုထားခဲ့ပြီး ၂၀၂၅ မှာ မြန်မာစစ်တပ် အကြီးအကဲ ဦးမင်းအောင်လှိုင် အပါအဝင် အရာရှိ ၂၃ ဦးနဲ့ အရပ်ဘက်အစိုးရအရာရှိနှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

အခုနှစ် မေလကလည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တီမောက်စတေနိုင်ငံ ဒီလီမြို့ ခရိုင်တရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ တီမောလက်စတေအမှုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ သတင်းထောက်တစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်တာ၊ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးနဲ့ ဘာသာရေး အဖွဲ့ဝင် သုံးဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ စစ်လက်နက်အင်အား အလွန်အကျွံသုံးပြီး စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးရတာတွေ ပါဝင်ပါတယ်။