တရားဥပဒေစိုးမိုးရေးဟာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံမှုရှိမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံသူ နိုင်ငံသားတွေ စိတ်လုံခြုံမှုရှိမှသာ နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်း နိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

တရားဥပဒေစိုးမိုးရေးရှိဖို့ဟာ တိုင်းပြည်ဂုဏ်သိက္ခာနဲ့ ပတ်သက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့နေပြည်တော်က Kempinski ဟိုတယ် မှာ နိုင်ငံတကာ ရှေ့နေများအသင်း၊ နိုင်ငံတော် သမ္မတရုံးက တာဝန်ရှိသူတချို့နဲ့ မြန်မာနိုင်ငံက ရှေ့နေ တစ်ရာကျော်နဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

"နိုင်ငံသူ၊ နိုင်ငံသားတွေ စိတ်လုံခြုံမှုရှိမှသာလျှင် နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းနိုင်မှာဖြစ်ပါ တယ်၊ နိုင်ငံသူ၊ နိုင်ငံသားတိုင်း စိတ်လုံခြုံမှုမရှိတဲ့ နိုင်ငံဆိုတာ အင်မတန်မှ သိက္ခာမဲ့တဲ့နိုင်ငံလို့ ကျမပြောချင်ပါတယ်"

ရှေ့နေတွေဟာ ၅ ရက်ကြာဆွေးနွေးပွဲကနေ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လွတ်လပ်သော ရှေ့နေများ အသင်း ပေါ်ထွက်လာရေး အတွက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော် တရားရုံးတွေနဲ့တင် မလုံလောက်ဘဲ မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်မယ့် ဥပဒေပညာရှင်တွေ အများအပြားလိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။

ဒီဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။