အာဏာသိမ်းအပြီး ကရင်နီဒေသမှာ အရပ်သား ခုနစ်ရာကျော် သေဆုံး
2024.12.03
ကယား (ကရင်နီ) ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေမှာ အာဏာသိမ်းကာလအတွင်း စစ်ဘေးရှောင်နေချိန် သေဆုံးသူတွေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၇၀၂ ဦးအထိရှိလာပြီလို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုစတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် သေဆုံးသူက ၅၃၂ ဦးရှိပြီး စစ်ဘေးတိမ်းရှောင်နေချိန် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀မရလို့ သေဆုံးရသူက ၁၇၀ ဦးရှိတယ်လို့ PKPF က ဖော်ပြပါတယ်။
နှစ်အလိုက် သေဆုံးမှုတွေထဲမှာ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာပဲ အရပ်သား ၂၄၈ ဦး သေဆုံးပြီး ဒါဟာ လေးနှစ်တာကာလမှာ အများဆုံး သေဆုံးမှုလည်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလကုန်အထိ ၁၁ လတာ ကာလအတွင်းမှာတော့ သေဆုံးသူ ၉၈ ဦးရှိပြီး အရပ်သား သေဆုံးမှုတွေ ပြီးခဲ့တဲ့ နှစ်တွေကထက် လျော့နည်းသွားတာကို တွေ့ရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်ရှိနေဆဲဖြစ်ပြီး လေးနှစ်နီးပါးအတွင်း အကြိမ်ရေ ၁၇၀၀ ကျော် (၁၇၄၆ ကြိမ်) ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ဦးဗညားကလည်း အရင်နှစ်တွေက မြေပြင်တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုများပြားပြီး ဒီနှစ်ထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ဆက်ရှိနေတယ်လို့ RFA ကို ပြောပါတယ်။
"၂၀၂၃ ခုနှစ်မှာ မြေပြင်စစ်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ အခုနှစ်မှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးလာနေတယ်။၊ အဲဒီအခြေအနေကြောင့် သေဆုံးမှုက များပါတယ်"
အရပ်သား ထိခိုက်သေဆုံးမှု လျော့ကျသွားပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးမှုက တိုးလာနေပြီး အခုနှစ်ထဲမှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ရာကျော် (၂၃၃ ဦး) အထိ သေဆုံးတယ်လို့ PKPF က ပြောပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အရပ်သား သေဆုံးမှုတွေအပြင် အာဏာသိမ်းကာလအတွင်း ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ နေအိမ် စုစုပေါင်း ၂၉၀၀ နီးပါး (၂၈၈၀လုံး) ပျက်စီးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။