ကရင်ပြည်နယ် အခြေစိုက် ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မထပ်ရေး ပါတီတွေကြား ညှိနှိုင်းထားပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေလည်း ရွေးချယ်ထားပြီးဖြစ်ပါတယ်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP အနေနဲ့ သံတောင်ကြီးမြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
KNDP ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာအပါအဝင် ၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
NLD ပါတီက လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ဝင်ပြိုင်မယ့် ဘားအံမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း နန်းစေးဟွာက KNDP ကိုယ်စားပြု ဝင်ပြိုင်မှာဖြစ်ပါတယ်။
လက်ရှိ ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ နှစ်ပါတီရှိပြီး ကရင်ပြည်နယ်ပြင်ပအခြေစိုက် ကရင်အမျိုးသားပါတီနဲ့ ကရင်ပြည်သူပါတီဆိုပြီး ကရင်ပါတီ လေးပါတီ ရှိနေပါတယ်။
ကရင်ပါတီ သုံးခု ပေါင်းစည်းထားတဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) တစ်ခုထဲက ပြည်နယ်တွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
KNDP ပါတီဟာ ကရင်ပြည်နယ်အခြေစိုက် ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေပါတီ၊ စည်းလုံးညီညွှတ်သော ကရင်ဒီမိုကရက်တစ်ပါတီ သုံးခုကို ဖျက်သိမ်းပြီး ပေါင်းစည်းထားသလို ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီက လူတွေလည်း ပါဝင်ပါတယ်။
ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ကရင်တိုင်းရင်းသားပါတီတွေ ပေါင်းစည်းရာမှာ ကတိပေးထားတဲ့အတိုင်း လာမယ့်ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ဝင်ရောက်မယှဉ်ပြိုင်ဘဲ ပြည်နယ်ပြင်ပမှာ သုံးနေရာ ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး စောကြည်လင်းက ပြောပါတယ်။
ကရင်ပြည်နယ် ပြင်ပအခြေစိုက်ပါတီနှစ်ခုကလည်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီနဲ့ ကယားပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး မူအားဖြင့် နေရာတွေမထပ်အောင် ညှိနှိုင်းထားတယ်လို့ ကရင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး မန်းကျော်ငြိမ်းက ပြောပါတယ်။
ကရင်နိုင်ငံရေးပါတီတွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်နယ်အခြေစိုက် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက ၉ နေရာ၊ ကရင်ပြည်သူ့ပါတီက ၆ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ကရင်ပါတီတွေအကြား သဘောထားကွဲနေတာကြောင့် ပြည်နယ်အတွင်းက မဲန္ဒနယ်မြေနေရာ အားလုံးနီးပါးမှာ NLD ပါတီကို ရှုံးနိမ့်ခဲ့ပြီး ကရင်ပြည်သူ့ပါတီက တစ်နေရာသာ အနိုင်ရခဲ့ပါတယ်။