စစ်ကောင်စီက ဖမ်းထားတဲ့ ဒေါက်တာမောင်မောင်ငြိမ်းထွန်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရချိန်မှာ ဆေးကုသမှု အလုံအလောက် မရခဲ့တာကြောင့် မန္တလေးက ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ငြိမ်းထွန်းဟာ ကိုဗစ်ရောဂါနဲ့ ဒီကနေ့ မနက်က ကွယ်လွန် သွားပါတယ်။

အသက် (၄၅) နှစ်အရွယ် ဒေါက်တာမောင်မောင်ငြိမ်းထွန်းဟာ အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ဆရာဝန် တစ်ယောက်ဖြစ်ပြီး အိုးဘိုအကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ မန္တလေးဆေးရုံ မှာ ကုသခံယူရင်း သြဂုတ်လ ၈ ရက် ဒီနေ့မနက် ၆ နာရီ ၃၈ မိနစ်မှာ ကွယ်လွန်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက RFA ကိုပြောပါတယ်။

"ဆရာ့ကို အိုးဘိုအကျဉ်းထောင်မှာ ထားတဲ့အချိန် ကိုဗစ်ရောဂါ ကူးစက်ခံရတယ်။ ကူးစက်ခံရချိန် အိုးဘို အကျဉ်းထောင်ထဲမှာ ထိရောက်တဲ့ ကုသမှုတွေမရခဲ့ဘူး။ အဲဒီမှာ တော်တော်လေး ဆိုးဝါးပြီး မသက်သာတဲ့ အချိန်ကျမှ spo2 ၈၀ လောက်ကျမှ မန္တလေးဆေးရုံကြီးကို ပို့ပေးတယ်။ တကယ်တမ်း ဆိုရင် spo2 ၉၄ အောက်ရောက်တာနဲ့ ဆေးရုံတင်ရမှာ။ ပို့တာနောက်ကျတဲ့ အတွက်ရယ်။ အကျဉ်းထောင်ထဲမှာ ထိရောက်တဲ့ ကုသမှုမရခဲ့ဘူး။ အဓိက ဆရာ မောင်မောင်ငြိမ်းထွန်း သေဆုံးရတာဟာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးရတယ်လို့ပဲ သတ်မှတ်တယ်။ ဒီလိုပညာတတ်တွေ ပညာရှင် တွေဆုံးပါးရတာ စစ်ကောင်စီကြောင့်ပဲ။ စစ်ကောင်စီက အဓိကတရားခံပဲ။ နောက်လည်း ဒီလိုမျိုးပညာရှင်တွေ သေဆုံး မှုတွေ မဖြစ်အောင် တော်လှန်ရေးကတော့ ဆက်ပြီး တိုက်နေရမယ်"

ဒေါက်တာ မောင်မောင်ငြိမ်းထွန်းဟာ ဇွန်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နန်းတွင်း စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရကာ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ မတရားအသင်း ဥပဒေပုဒ်မ ၁၇ / ၁ နဲ့ အမှုဖွင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းဟာ ခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပြီး CDM လုပ်ထားပေမယ့် လူနာတွေ အတွက် ပြင်ပကနေ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေတဲ့ ဆရာဝန်တစ်ဦးဖြစ်တယ်လို့ ဆရာဝန် အသိုင်းအဝိုင်းက ဆိုကြပါတယ်။