မြန်မာစစ်တပ်အင်အားအလွန်အကျွံသုံးမှု ရပ်ဆိုင်းဖို့ အီးယူတောင်းဆို

2025.03.12
မြန်မာစစ်တပ်အင်အားအလွန်အကျွံသုံးမှု ရပ်ဆိုင်းဖို့ အီးယူတောင်းဆို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ပျဉ်းမနားမြို့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

မြန်မာစစ်တပ်အနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်တန့်ပြီး အင်အားအလွန်အကျွံသုံး တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ လုံခြုံစိတ်ချရရုံမက အတားအဆီးကင်းတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အမြန်ဆုံးခွင့်ပြုပေးဖို့ ဥရောပသမဂ္ဂ (EU) က တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ မတ်လ ၁၁ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၉၂ ကြိမ်မြောက် အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အခုလို တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံက သက်ဆိုင်သူအဖွဲ့အားလုံး အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ အပါအဝင် နိုင်ငံတကာဥပဒေတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာဖို့လည်း ဥရောပသမဂ္ဂက တိုက်တွန်းတဲ့အကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ချမှတ်ထားတဲ့ Resolution 2669 နဲ့ အညီ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ ကုလသမဂ္ဂတို့ကနေ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာတွေကို အားပေးကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် UNHCR အနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားတဲ့နိုင်ငံတွေ၊ အာဆီယံနဲ့ အခြား ဒေသတွင်း အဖွဲ့တွေနဲ့ ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် အကူအညီပေးနိုင်ဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် နိုင်ငံတကာက တိုးမြှင့်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

UNHCR နဲ့ အခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အားလုံးကနေ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ကို ရေရှည်အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းတွေ အကြံပြုကြဖို့ လည်း ဥရောပသမဂ္ဂက တိုက်တွန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။