ရဲတပ်ဖွဲ့ခေတ်မီရေး အီးယူပို့ချတဲ့သင်တန်း စစ်အာဏာသိမ်းပြီးတဲ့နောက် ဆိုင်းငံ့

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက်ဖြိုခွဲခဲ့တာတွေနဲ့ ပတ်သက်ပြီး၊ အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူစုလူဝေးထိန်းချုပ်မှုဆိုင်ရာ သင်တန်းတွေ ပို့ချခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဂါးဒီးယန်း သတင်းစာက ဖော်ပြပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက်၊ ခုခံကာကွယ်ရေး ဆိုင်ရာ နည်းစနစ်တွေကိုသာ ပို့ချခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ဥရောပရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ်ဟာ ၂၀၁၂ခုနှစ်က စတင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ နိုင်ငံတကာက အကောင်းဆုံးလေ့ကျင့်မှု သင်တန်းတွေ ရရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး၊ ခေတ်မီရဲတပ်ဖွဲ့ ဖြစ်ပေါ်လာရေးတွေအတွက် ကြိုးပမ်းခဲ့ တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ပို့ချနေတဲ့ သင်တန်းတွေကို အီးယူက ဆိုင်းငံ့လိုက်ပါတယ်။ ဆန္ဒပြလူထုတွေထဲမှာ အဲဒီသင်တန်း တက်ခဲ့ကြသူတွေ ပါဝင်ပြီး၊ ဆန္ဒပြသူတွေကို ရေအမြောက်တွေ၊ ရာဘာကျည်ဆန်တွေ၊ ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲခဲ့ကြောင်းလည်း ဂါးဒီးယန်းသတင်းစာက ဖော်ပြပါတယ်။

2014-02-20T120000Z_386869217_GM1EA2K145L01_RTRMADP_3_MYANMAR-UN.JPG
People throw bottles at riot policemen during a training session under the EU's programme to support reform of the Myanmar Police Force at a police training camp outside Yangon ၂ဝ၁၄ ခုနှစ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ဥရောပရဲတပ်ဖွဲ့က သင်တန်းပေးနေစဉ်။ (File Photo: Reuters) (Soe Zeya Tun/REUTERS)

နေပြည်တော်မှာ ဆန္ဒပြလူထုတွင်းကို သေနတ်နဲ့ချိန်နေတဲ့ အဲဒီသတင်တန်းတက်ခဲ့သူ အရာရှိတစ်ဦးရဲ့ ဓာတ်ပုံဟာလည်း လူမှုမီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲအတွင်း အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ သေနတ်နဲ့ ချိန်နေတဲ့ ဓာတ်ပုံထဲက အရာရှိရဲ့လက်ချက် ဟုတ်မဟုတ် မသိရသေးပါဘူး။

အီးယူ ဥရောပသမဂ္ဂရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဗြိတိန်ရဲအရာရှိတွေက လေ့ကျင့်သင်တန်း ပေးခဲ့ပါတယ်။ ဗြိတိန်ရဲဘက်ဆိုင်ရာ ကောလိပ်ဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ပေါင်စတာလင် သန်း ၂၀ ကျော် သုံးစွဲခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ဗြိတိန် ရဲအရာရှိနှစ်ဦး ရောက်ရှိလာခဲ့ပြီး၊ အီးယူ ရန်ပုံငွေနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်ကူညီခဲ့ပါတယ်။

ဧပြီလမှာ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ တောင်းဆိုခဲ့လို့ ရာထူးကဖယ်ရှားခံခဲ့ရပြီး၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကလည်း အနိုင်ကျင့်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်‌ကြီး ဌာနကလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံအခြေစိုက် ကာကွယ်ရေး ကိုယ်စားလှယ် မထားရှိတော့ဘဲ စင်ကာပူမှာသာ အခြေစိုက်ထားကြောင်းလည်း ပြောဆိုပါတယ်။

2014-02-20T120000Z_937926380_GM1EA2K14R901_RTRMADP_3_MYANMAR-UN.JPG
Riot policemen march during a training session under the European Union's (EU) programme to support reform of the Myanmar Police Force outside Yangon ၂ဝ၁၄ ခုနှစ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ဥရောပရဲတပ်ဖွဲ့က သင်တန်းပေးနေစဉ်။ (File Photo: Reuters) (Soe Zeya Tun/REUTERS)

ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့ပေး တဲ့ “ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီ” စီမံကိန်းဟာ အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့က တိုက်ရိုက်‌တောင်းဆိုခဲ့ပြီး ၊ ၂၀၁၆ ခုနှစ် မှာ စတင်ခဲ့ တဲ့ စီမံကိန်းဖြစ်ပါ တယ် ။

စီမံကိန်းနဲ့ပတ်သက်ပြီး အရပ်သားအစိုးရက တောင်းဆိုတာကတော့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ပြီး လူ့အခွင့်အရေး လေးစားတဲ့ ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ကြောင်း၊ ဒါကြောင့် ဥရောပသမဂ္ဂက နိုင်ငံတကာစံနှုန်းတွေနဲ့အညီ စွမ်းဆောင်ရည်မြှင့်တင်ပေးတာ၊ သင်တန်းတွေပေးနေတာဖြစ်ပြီး ဘယ်လို လက်နက်ပစ္စည်း ကိရိယာတွေကိုမှ ကူညီပံ့ပိုးမှု မပြုခဲ့ကြောင်း၊ ဒီစီမံကိန်း ဟာ ပြည်သူလူထုနဲ့ ရဲတပ်ဖွဲ့ကြား ပိုမိုကောင်းမွန်တဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အတွက် လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်း၊ သတင်းမီဒီယာ၊ ‌ဒေသခံလူထုတွေနဲ့ လည်း တိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်း၊ အရပ်ဘက်အစိုးရက အသိအမှတ်ပြုခဲ့ကြောင်း၊ သင်တန်းတက်ခဲ့တဲ့ ရဲအရာရှိအများစုဟာ စိတ်သဘောထားပြောင်းလဲလာပြီး အများပြည်သူအတွက် အာရုံစိုက် တာဝန်ထမ်းဆောင်လာတာ တွေ့ ရကြောင်းလည်း ပြောဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် လက်ရှိအခြေအနေမှာ ဒီစီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖို့ ရည်မှန်းထားတဲ့ ရလဒ်တွေရရှိနိုင်တဲ့ အခြေအနေမရှိတော့ကြောင်း ဥရောပသမဂ္ဂက မှတ်ယူတဲ့အတွက် ဒီ စီမံကိန်းကို ခေတ္တဆိုင်းငံ့ထားကြောင်း ဖော်ပြထားပါတယ်။