ရှမ်းပြည်အရှေ့ပိုင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အထူးဒေသ ၄ NDAA မိုင်းလား ဒေသမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့လို့ လူ ၆ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားပါတယ်။
ကျိုင်းတုံခရိုင် တရုတ်မြန်မာနယ်စပ်အနီး မိုင်းလားမြို့နယ် တာလော့မြို့က ယမ်းသိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး NDAA တပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် ၆ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အနီးပတ်ဝန်းကျင်က လူ ၂ဝ ထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ NDAA မိုင်းလားတပ်ဖွဲ့ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မောင် က RFA ကို ပြောပါတယ်။
"ကျနော်တို့ မနက် ၈ နာရီနီးပါးပေါ့ ကျနော်တို့ သတ္တုတူးတွင်းသုံးမယ့်ယမ်းဂိုဒေါင်တွေလေ တည်ဆောက်ရေးသုံးတဲ့ယမ်းဂိုဒေါင်ပေါ့ နေလည်း ပူတယ် နောက်တခြား အုပ်ချူပ်မှုလည်း အားနည်းတာပေါ့၊ ပေါက်ကွဲတဲ့အခါနဲ့ တရုတ်နဲ့ မြန်မာနယ်စပ် မှတ်တိုင် ၂၁၈ မှတ်တိုင်နားမှာပေါ့ အဲ့ဒီနေရာမှာလည်း တရုတ်ရဲ့ခရီးသွားဧည့်သည် နှစ်ထောင်ကျော်နီးပါးလောက်ရှိတယ် အဲ့ဒီ ပတ်ဝန်းကျင်မှာ အဓိကတော့ ကျနော်တို့ ပထမ ရှာဖွေချက်ကတော့ အလောင်း ၂ လောင်းတွေ့တယ် ပြီးမှ နောက်မှ နည်းနည်းပြန်ရှာရင်းနဲ့ နောက်ထပ် ၄ လောင်းလောက် ထပ်တွေ့တယ် ဆေးရုံ ပထမအသုတ်ပို့ထားတာတော့ ၂၀ ကျော်ရှိတယ် အသေးစိတ်တော့ မသိသေးဘူး အခုတော့ မီးတော့ ငြိမ်သွားပြီ။ အခု ၆ ယောက်တော့ တိကျတယ် ဒါပေမယ့် နောက်ထပ် ဘယ်လောက်လဲတော့ မသိဘူး"
NDAA မိုင်းလားတပ်ဖွဲ့ဟာ အရင်စစ်အစိုးရနဲ့ ၁၉၈၉ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်ချူပ်ဆိုထားတဲ့ ရှမ်းပြည်အရှေ့ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။