မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ဒီနှစ်အတွင်း နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF တို့ရဲ့အကူအညီနဲ့ နိုင်ငံခြားဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းဥပဒေမူကြမ်းကို ရေးဆွဲနေပါတယ်။ဒီအတွင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေကို မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေသုံးမျိုးဖြစ်တဲ့ အမေရိကန် ဒေါ်လာ၊ စင်္ကာပူ ဒေါ်လာ၊ ဥရောပ ယူရိုငွေ တွေနဲ့ နေ့စဉ်ပေါက်ဈေးအတိုင်း တရားဝင် လဲလှယ်ပေးခွင့်ပြုထားပါတယ်။ နိုင်ငံခြားငွေ အစားသုံးစွဲခဲ့တဲ့ FEC ကိုတော့ မနှစ်က ဖျက်သိမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အခုထိ နိုင်ငံခြားဘဏ်ပေါင်း နှစ်ဆယ်ကျော် ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ထားကြရာမှာ ဘရူနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကဘဏ်တွေ ပါဝင်ကြပါတယ်။ ပြည်တွင်းဘဏ်တွေအနေနဲ့ အစိုးရဘဏ်သုံးခုနဲ့ ပုဂ္ဂလိကဘဏ် ၁၉ ခု ရှိပါတယ်။
ပြီးခဲ့တဲ့၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အမေရိကန်အစိုးရက မြန်မာဘဏ် ၄ ခုကို အမေရိကန် ငွေကြေးစနစ်နဲ့ ဆက်စပ်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီဘဏ်တွေကတော့ နိုင်ငံတော် စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဘဏ်၊ AGD ခေါ် Asian Green Development Bank နဲ့ ဧရာဝတီဘဏ်တို့ ဖြစ်ကြပါတယ်။