စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဇနီး ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း သတင်းထွက်

မြန်မာစစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း AP သတင်းတစ်ပုဒ်မှာ သြဂုတ်လ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက သူတို့နှစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့ပြီး အခုလို ဆေးရုံတင်လိုက်တာဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းတစ်ဦးကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီးတို့ နေပြည်တော် သိုက်ချောင်း စစ်ဆေးရုံ အထူးလူနာဆောင်မှာ လုံခြုံရေးအပြည့်နဲ့ ဆေးကုသမှု ခံယူနေကြပြီး ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ကူးစက်ခံနေရသလဲ ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ လောလောဆယ် RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

သြဂုတ်လ ၁၀ နေ့ ညပိုင်းက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိ အသက် ၈၈ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အကြားမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် စတဲ့ ရာထူးတာဝန်တွေ ရယူပြီး နိုင်ငံ့အကြီးအကဲအဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ရာထူးက တရားဝင် အနားယူခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်ကတော့ အသက် ၈၉ နှစ်ဝန်းကျင် ရှိပြီ ဖြစ်ပါတယ်။