ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီးဟောင်း ငါးဦး အဂတိမှုနဲ့ အမှုဖွင့်ခံရ

2021.08.12
ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီးဟောင်း ငါးဦး အဂတိမှုနဲ့ အမှုဖွင့်ခံရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ၂၀၂၁၊ ဇန်နဝါရီ ၄ ရက်နေ့ ကျင်းပတဲ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးဟောင်း လေးဦး အဂတိလိုက်စားမှုနဲ့ စစ်တွေ မြို့မရဲစခန်းမှာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဒီနေ့ သြဂုတ်လ ၁၃ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင် လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ စည်ပင် ဝန်ကြီးချုပ်ဟောင်း ဦးမင်းအောင်နဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ သစ်တောနဲ့ သတ္ထုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင် တို့ကို သြဂုတ်လ ၁၁ ရက်နေ့က အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ နဲ့ တိုင်ချက်ဖွင့်လိုက်တယ်လို့ ဆိုပါတယ်။

အခုလို အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးခဲ့ပြီး အဲဒီကော်မရှင်ရဲ့ စစ်ဆေး တွေ့ရှိချက်အရ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်မှာ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ပြီး နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ စွပ်စွဲရေးသားထားပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညမှာ စစ်တပ်နဲ့ ရဲတွေက နေအိမ်ကနေ ဖမ်းဆီးပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(ခ)နဲ့ အမှုရင်ဆိုင်နေရတာပါ။

ဝန်ကြီးဟောင်း ဦးကျော်လွင် ကတော့ သြဂုတ်လ ၁၂ ရက်နေ့ မနေ့က ရမ်းဗြဲမြို့က သူ့နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ဝန်ကြီးတွေကို အဂတိလိုက်မှုအပါအဝင် နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မတွေနဲ့ပါ တရားစွဲနေတာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက NLD နဲ့ဆက်နွယ်ပြီး အခုလိုဖမ်းဆီးတာတွေ လုပ်နေတာဟာ NLD ပါတီကို ဖျက်သိမ်းပြီး နိုင်ငံအာဏာကို ရှေရှည်ထိန်းချုပ်ဖို့အတွက် ကြိုးပမ်းနေတာလို့ ဖမ်းဆီးခံ NLD ပါတီဝင်တွေရဲ့ မိသားစုဝင်တွေက တုံ့ပြန်ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-08-13 02:01

Don't care. Let fight to Military coup until die.