ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထပ်ချမှု ပြင်သစ်အစိုးရ ရှုတ်ချ

စစ်ကောင်စီရဲ့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ခြောက်နှစ် ထပ်ချလိုက်တဲ့အပေါ် ပြင်သစ်နိုင်ငံအစိုးရက ရှုတ်ချတယ်လို့ ရိုက်တာသတင်းဌာနမှာ ဩဂုတ်လ ၁၇ ရက် ဒီနေ့ ရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေအားလုံး အဆုံးသတ်ဖို့လည်း ပြင်သစ် အစိုးရက ထပ်လောင်း တောင်းဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး စွဲဆိုထားတဲ့ အဂတိ လေးမှုအတွက် ဩဂုတ်လ ၁၅ ရက်နေ့မှာပဲ ထောင် ခြောက်နှစ် ထပ်မံချခံရတာပါ။

အမှုပေါင်း ၁၉ မှုနဲ့ စွပ်စွဲခံရပြီး တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ချမှတ်ခံထားရတဲ့ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်နဲ့ပေါင်းရင် လက်ရှိ ထောင် ၁၇ နှစ်အထိ ရှိပြီဖြစ်ပါတယ်။

လက်ရှိ ကျန်ရှိနေတဲ့ အမှု ကိုးမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက်ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ် စွပ်စွဲချက်အားလုံး ကျူးလွန်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဥရောပသမဂ္ဂနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ မနေ့က တောင်းဆိုထားကြပါတယ်။