ပြည်တွင်းရွှေဈေး ၃၁ သိန်းကျော်လာသလို ဒေါ်လာစျေး ၃၆၅၀ ကျပ်အထိရောက်

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေလုပ်ငန်းရှင်တွေကို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချဖို့ စစ်ကောင် စီက ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ဩဂုတ်လ ၃၀ ရက် ဒီနေ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ သုံးဆ့ယ်တစ်သိန်းကျော် (၃,၁၂၀,၀၀၀) အထိ ဖြစ်နေတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပုံသေရည်ညွှန်းဈေး ၂၁၀၀ ကျပ်သတ်မှတ်ထားတဲ့ အမေရိ ကန်ဒေါ်လာဟာလည်း ဒီနေ့ ပြင်ပဈေးကွက်ထဲမှာ တစ်ဒေါ်လာကို ၃၆၅၀ ကျပ်အထိ စံချိန်တင် တက်နေပါတယ်။

စစ်ကောင်စီက ဒေါ်လာနဲ့ ရွှေကို ရည်ညွှန်းဈေးအတိုင်း မရောင်းသူတွေနဲ့ တရားမဝင် အရောင်းအဝယ် လုပ်သူတွေကို အရေးယူမယ်လို့ ပြောဆိုပြီးနောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မနေ့မှာ အခေါက်ရွှေ တစ်ကျပ်သားကို (၂,၀၂၇,၀၀၀) ကျပ်သာ သတ်မှတ်ခဲ့သလို ဒီနေ့မှာလည်း ကျပ်သိန်း (၂,၀၃၄,၀၀၀) သာ ဈေးဖွင့်ထား ပါတယ်။

ဒါပေမဲ့ ဒီနေ့ ရွှေဈေး သုံးဆယ့်တစ်သိန်းကျော်အထိ ရောက်လာပြီး ဒေါ်လာဈေးကလည်း ၃၆၀၀ အထက်နဲ့ သမိုင်းမှာ မကြုံဖူးလောက်အောင် ရောက်နေတယ်လို့ ရွှေဆိုင်ရှင်တစ်ဦး က RFA ကို ပြောပါတယ်။

“ရွှေကတော့ ဒေါ်လာဈေးပေါ်မူတည်ပြီး လိုက်တက်နေဦးမှာပဲ။ မြန်မာ့ရွှေဈေးက ဒေါ်လာဈေးအောက် ရောက်နေရင် ဒီကရွှေတွေ ပြည်ပမှာ သွားရောင်းနေကြမှာပေါ့။ ရွှေဈေးကိုတော့ အသင်းတွေကို စစ်ကောင်စီက ချုပ်ကိုင်ဖို့ ကြိုးစားနေကြပေမယ့် တကယ့်အပြင်ဈေးက သူတို့ပြောတဲ့ဈေးနဲ့ ရောင်းလို့မရနိုင်ဘူး။ ဒီဈေးတွေက သမိုင်းမှာ မကြုံဖူးသေးတဲ့ ဈေးတွေပဲ။ ဒါကတော့ စီမံမှုညံ့ဖျင်းတာနဲ့တော့ ဆိုင်တယ်”

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က အခေါက်ရွှေဈေးတစ်ကျပ်သားကို နှစ်ဆယ့်ရှစ်သိန်း ကျော် (၂,၈၃၅,၀၀၀) အထိ အမြင့်ဆုံးစျေး ဖြစ်ခဲ့ပေမယ့် ဩဂုတ်လ ၁၉ ရက်နေ့ကနေ အခုမတိုင်ခင်အထိ တစ်ကျပ်သားကို နှစ်ဆယ့်ခုနစ်သိန်း ဝန်းကျင်မှာပဲ ရှိနေခဲ့တာပါ။

ဒေါ်လာအရောင်းအဝယ် လုပ်နေသူတွေကလည်း သတ်မှတ်တဲ့ဈေးနှုန်းအတိုင်း မလုပ်ရင် အရေးယူမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပေမယ့် ဈေးကွက်အတွင်းမှာတော့ နားလည်မှုတွေနဲ့ အရောင်းအဝယ် လုပ်နေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ဒေါ်လာဝယ်သူတွေရဲ့ အမည်စာရင်းကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနထံ ဩဂုတ် ၂၉ ရက်နေ့ကစပြီး ညနေ ၅ နာရီနောက်ဆုံးထား နေ့စဉ်ပေးပို့ ရမယ်လို့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။