ဟားခါးမြို့မှာ မြေမြှုပ်မိုင်းနင်းမိလို့ တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

RFA Burmese
2023.05.26
ဟားခါးမြို့မှာ မြေမြှုပ်မိုင်းနင်းမိလို့ တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ ချင်းပြည်နယ်၊ ဟားခါးမြို့တစ်နေရာကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ ဟားခါးမြို့ မှာ မေလ ၂၄ ရက်နေ့က နည်းပညာကျောင်းနဲ့ ဝန်ကြီးအိမ်ရာ အနီးတစ်ဝိုက်မှာ ဆိတ်စာရှာသွားတဲ့ ဦးချန်ကီယာန်းဟာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားပြီး နောက်ထပ် ငါးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

မိုင်းနင်းမိတဲ့ ဦးချန်ကီယာန်းကို သူ့မိသားစု၀င်တွေက လိုက်လံရှာဖွေစဉ် နောက်ထပ် မြေမြှုပ်မိုင်း နင်းမိတာကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦး ဒဏ်ရာရခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဦးချန်ကီယာန်း ဆိတ်စာရှာတဲ့နေရာက ပြန်မလာတော့ မိသားစုတွေနဲ့ ဆွေမျိုးတွေက လိုက်ရှာတာ။ လိုက်ရှာတော့ ဦးချန်ကီယာန်း မိုင်းနင်းမိတဲ့အနားမှာပဲ အလောင်းကို တွေ့တယ်။ သူ့ကိုရှာတဲ့သူတွေက ထပ်နင်းမိပြန်တယ်။ အဲမှာ ငါးယောက် ထပ်ဒဏ်ရာရရှိတာပေါ့။ အဲ့ထဲက တစ်ယောက်ကတော့ ခြေထောက် ဖြတ်လိုက်ရတယ်"

မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိသူ ငါးဦးဟာ ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ဦးချန်ကီယာန်း အလောင်းကို စစ်ကောင်စီက ချက်ချင်းယူမသွားခိုင်းတဲ့ အတွက် မေလ ၂၅ ရက် နေ့ မနေ့ညနေ ၅ နာရီခန့်မှသာ အိမ်ကိုသယ်ခဲ့ရပြီး ဒီနေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ အခုမိုင်းနင်းမိတဲ့ နေရာတွေရဲ့ အနီးအနားမှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားတာဖြစ်ပြီး စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိ ဦးသန့်ဇင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းကြောင့် အရပ်သားသေဆုံးသူ ၁၃ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၇ ဦး ရှိနေပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။