အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀၀ ခန့် ဖမ်းမိ
2018.08.05
ထိုင်းနိုင်ငံမှာ လေးရက်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀၀ ခန့် ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းမိတဲ့ အလုပ်သမားတွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံကို ပြန်ပို့ပေးတာဖြစ်တယ်လို့ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
"ဖမ်းတာပေါ့။ သူတို့က လက်မဲ့ဖြစ်နေတာ။ ၂ နိုင်ငံအနေနဲ့ ပြန်ပို့ပေးနေတယ်။ မနေ့ကတုန်းက မဲဆောက်မှာ ထိုင်းနိုင်ငံ အလယ်ပိုင်းထဲက ကားတွေရောပါသွားတော့ ဒီတစ်ပတ် သောကြာမှာ ၃၀၀ လောက်ဖြစ်တယ်။ ဒါကတော့ပုံမှန်ပဲ။ ကျနော်တို့ ဟိုဘက်ကို လွှဲပေးတာလေ။ သူ့နိုင်ငံဥပဒေအရတော့ သူ့ကို တရားမဝင် အလုပ်သမား ခန့်အပ်ခြင်း မရှိစေရေးအတွက် အလုပ်ရှင်ရော အလုပ်သမားကိုရော အရေးယူမှာပဲ။ ပြန်ပြီး လွှဲပေးလိုက်တာ။ ကျနော်တို့က ၂ နိုင်ငံ ညှိထားတာဆိုတော့ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ပြန်လက်ခံတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး အရလေ"
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၃ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမား အရေအတွက် ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေက အလုပ်ရုံတွေကို ဝင်ရောက်စစ်ဆေးတဲ့အခါ အထောက်အထားမဲ့ လုပ်ကိုင်နေသူတွေကို ဖမ်းမိတာရှိသလို တချို့ကလည်း သက်တမ်းကုန်နေတဲ့ အထောက်အထားတွေ ကိုင်ဆောင်ထားလို့ ဖမ်းခံရတာ တွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ဝင်ခွင့် ဗီဇာအတုတွေရှိနေတာကြောင့် တရားဝင်ဗီဇာနဲ့ လာရောက်သူတွေအနေနဲ့ ထိုင်းနိုင်ငံသံရုံးမှာ ကိုယ်တိုင်လျှောက်ထားဖို့ လိုအပ်တယ်လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သတိပေးထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင် လာရောက်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသားတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး စီမံချက်နဲ့ ဖမ်းဆီးနေတာဖြစ်ပါတယ်။