ကုလားတန်စီမံကိန်းလုပ်ငန်းတွေ ပြန်သုံးသပ်ဖို့ အိန္ဒိယသံအမတ်ကြီး စစ်တွေမြို့ကို သွားရောက်

RFA Burmese
2025.01.17
ကုလားတန်စီမံကိန်းလုပ်ငန်းတွေ ပြန်သုံးသပ်ဖို့ အိန္ဒိယသံအမတ်ကြီး စစ်တွေမြို့ကို သွားရောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur (လက်တွင် အင်္ကျီချိတ်ထားသူ) အား ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းရှိရာ စစ်တွေဆိပ်ကမ်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ India in Myanmar (Embassy of India, Yangon)

ရခိုင်ပြည်နယ်မှာ အိန္ဒိယအစိုးရက ဆောင်ရွက်နေတဲ့ ကုလားတန်စီမံကိန်းနဲ့ ပတ်သက်လို့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur ဟာ စစ်တွေမြို့ကို ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက သွားရောက်ခဲ့တယ်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇန်နဝါရီလ ၁၇ ရက်နေ့ ဖော်ပြပါတယ်။

ဒီခရီးစဉ်အတွင်း အိန္ဒိယသံအမတ်ကြီးဟာ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနဲ့ တွေ့ဆုံပြီး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကုလားတန်မြစ်ကြောင်းစီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်းဟာ လာမဲ့နှစ်တွေမှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်သွယ်ချိတ်ဆက်မှုတွေ အားကောင်းလာဖို့ အထောက်အကူဖြစ်စေမယ်လို့လည်း အိန္ဒိယသံရုံးက ဖော်ပြပါတယ်။

ကုလားတန်မြစ်ကြောင်းစီမံကိန်းကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်လည်ရရှိဖို့ အရေးကြီးကြောင်းလည်း အိန္ဒိယသံအမတ်ကြီးက အလေးထားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရဆိပ်ကမ်းနဲ့ ရေကြောင်းကုန်သွယ်ရေးဝန်ကြီး ဆာဘန်နန်ဒါ ဆိုနိုဝယ် (Sarbananda Sonowal) ကလည်း မြန်မာနိုင်ငံက စစ်တွေဆိပ်ကမ်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြောင်း ပြီးခဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက ပြောကြားထားပါတယ်။

ကုလားတန်မြစ်ကြောင်းစီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားကနေ ကုန်းတွင်းပိုင်းဒေသဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ကို ရေလမ်း၊ ကုန်းလမ်းတွေနဲ့ ဆက်သွယ်မဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ စစ်တွေဆိပ်ကမ်းကလွဲပြီး ပလက်ဝဆိပ်ကမ်းအပါအဝင် စီမံကိန်းလမ်းကြောင်း ကီလိုမီတာ ၂၉၀ နီးပါးဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာနယ်မြေထဲမှာ ရှိနေပါတယ်။

အိန္ဒိယသံအမတ်ကြီးရဲ့ ခရီးစဉ်အတွင်း စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အိမ်ကိုးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။