ကချင်ပြည်နယ် ဖားကန့်မြို့နယ်တဝိုက်မှာ မနေ့က သြဂုတ်လ ၂၀ ရက်နေ့ည ၈ နာရီကစလို့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေပြီး ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းထိ ပြန်မရသေးဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ မိုဘိုင်းအင်တာနက်လိုင်းတွေ အပါအဝင် ဖိုက်ဘာ အင်တာနက် ဝိုင်ဖိုင်လိုင်းတွေနဲ့ Broadband လိုင်းတွေအားလုံး အင်တာနက် ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အင်တာနက်နဲ့ပတ်သက်တာ အကုန်လုံး ပြတ်သွားတာပဲ။ ဝိုင်ဖိုင်လိုင်းတွေလည်း မရဘူး။ ဖုန်းကတော့ ဆက်လို့ရတယ်”
ဖားကန့်၊ လုံးခင်း၊ ဟွေခါ၊ အစရှိတဲ့နေရာတွေအပါအဝင် ဖားကန့်နဲ့ အနီးတဝိုက်နေရာတွေနဲ့ ကျောက်စိမ်းလုပ် ကွက်တွေရှိတဲ့ နေရာအားလုံး အင်တာနက်မရကြဘူးလို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာတော့ သြဂုတ်လ ၂၀ ရက်နေ့ ညပိုင်းမှာ ဝိုင်ဖိုင်အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီး ဒီနေ့မနက် ၈ နာရီမှာ လိုင်းပြန်ရတယ်လို့ မြစ်ကြီးနာမြို့ခံ တစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမှတော့ မိုဘိုင်းအင်တာနက်လိုင်းတွေ ပြတ်တောက်တာတော့ မရှိပါဘူး။
အင်တာနက်ပြတ်သွားတဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်တွေက ဖားကန့်မြို့က ပြည်သူတချို့ကို ဖမ်းဆီးတာတွေ ရှိခဲ့ပြီး ဘယ်သူတွေဖြစ်တယ် ဘယ်လောက်အရေအတွက်ကို ဖမ်းသွားတယ်ဆိုတာတော့ RFA က စုံစမ်းလို့ မရသေးပါဘူး။