လားရှိုး နူးရွလ်အစ္စလာမ်အသင်းက အောက်ဆီဂျင်ဆက်စပ်ပစ္စည်းတွေ ဈေးလျှော့ရောင်း

ရှမ်းပြည်နယ်၊ လားရှိုးမြို့ နူးရွလ်အစ္စလာမ်ဘာသာရေးအသင်းက သြဂုတ်လ ၁၀ ရက်နေ့ ဒီကနေ့မနက်ပိုင်း ကစလို့ အောက်ဆီဂျင်ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ အောက်ဆီမီတာနဲ့ ဖလိုးမီတာတွေကို ဈေးလျှော့ရောင်းချ ပေးနေတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကိုရိုနာကပ်ရောဂါ ကူးစက်ခံစားနေရသူတွေအတွက် အောက်ဆီဂျင်အိုးတွေနဲ့အတူ တွဲဖက်အသုံးပြုရတဲ့ ဖလိုးမီတာနဲ့ အောက်ဆီမီတာတွေကို ဈေးကြီးပေးဝယ်နေရတာကြောင့် အခက်အခဲဖြစ်နေသူတွေ ဝယ်ယူ နိုင်အောင်လို့ ရန်ကုန် နွယ်အေးဗလီနဲ့ ချိတ်ဆက်ပြီး အခုလို ဈေးလျှော့ရောင်းပေးတာလို့ လားရှိုး နူးရွလ် အစ္စလာမ်ဘာသာရေး အသင်းဥက္ကဋ္ဌ ဦးကျော်လွင်က RFA ကို ပြောပါတယ်။

အောက်ဆီမီတာ တစ်လုံးကို ကျပ်ခြောက်ထောင်၊ ဖလိုးမီတာ တစ်လုံးကို ကျပ်နှစ်သောင်းခွဲနဲ့ စျေးလျှော့ ရောင်းချပေးနေတာလို့ သူက ဆိုပါတယ်။ အပြင်ဈေးကွက်မှာ အောက်ဆီမီတာ တစ်လုံးကို ကျပ်တစ်သောင်း ကျော်နဲ့ ဖလိုးမီတာ တစ်လုံးကို ကျပ်ငါးသောင်းအထိ ဈေးပေါက်နေပါတယ်။

ဒီနေ့မှာ အောက်ဆီမီတာ စုစုပေါင်း အလုံး ၂၀၀ နဲ့ ဖလိုးမီတာ အလုံး ၂၀ ကို တစ်ဦးကို တစ်ခုနှုန်းစီနဲ့ ရောင်းချ ပေးနေပြီး၊ နောက်ရက်တွေမှာလည်း မနက် ၈ နာရီကနေ ၁၀ နာရီအထိ ဆက်လက်ရောင်းချပေးမယ့်အပြင် အောက်ဆီဂျင်အိုးတွေကိုလည်း ဈေးသက်သာစွာနဲ့ ရောင်းချပေးဖို့ စီစဥ်သွားမယ်လို့ ဦးကျော်လွင်က ပြော ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဩဂုတ် ၁ ရက် စစ်အာဏာသိမ်း ခြောက်လပြည့် မိန့်ခွန်းမှာ “စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကုသရေးမှာ လိုအပ်တဲ့ Oxygen Concentrator တွေ၊ Liquid Oxygen အပါအဝင် ဆေးနဲ့ဆေးပစ္စည်းတွေ တင်သွင်းမှုအတွက် FDA ထောက်ခံ ချက်နဲ့ သွင်းကုန်လိုင်စင်လျှောက်ထားဖို့ မလိုဘဲ အခွန်တွေကို ဖြေလျှော့ခွင့် ပြုပေးထားတယ်၊ liquid oxygen ကို ရန်ကုန်၊ မန္တလေး စတဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်မားနိုင်တဲ့နေရာတွေမှာ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်နေတယ်” လို့ ပြောထားပါတယ်။

လက်တွေ့မှာတော့ တစ်နိုင်ငံလုံးရှိ ပြည်သူတွေဟာ ကိုဗစ်ဝေဒနာရှင်တွေအတွက် အောက်ဆီဂျင်နဲ့ ဆက်စပ် ပစ္စည်းတွေ ရရှိရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်နေရဆဲဖြစ်တယ်လို့လည်း ကိုဗစ်အဖြစ် အများဆုံးဒေသတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ကလေးနဲ့ လားရှိုးဒေသခံတွေက ပြောပြကြပါတယ်။