ဂျပန်ယန်းငွေ ၁၅ ဘီလီယံကျော် တောင် သူတွေကို ထုတ်ချေးမည်


2017.11.14
farmers-622.JPG ကောက်စိုက်နေတဲ့ လယ်သမားတွေကို တွေ့ရစဉ်
Photo: RFA

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က မြန်မာကျပ်ငွေ ၁၈၀ ဘီလီယံခန့်ရှိတဲ့ ဂျပန်ယန်းငွေ ၁၅ ဘီလီယံကျော်ကို နှစ် ၄၀ စီမံကိန်းနဲ့ တောင်သူတွေကို ထုတ်ချေးဖို့ စီစဉ်ထားပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက တောင်သူတွေကို ဒီနှစ်အတွင်း ကျပ်ငွေ ၅၀ ဘီလီယံစတင်ထုတ်ချေးဖို့ လျာထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ဒီနေ့ ပြောပါတယ်။

"သူတို့ဆီက တင်ပြလာတဲ့အခါကျရင် ကျနော်တို့က အဆင့်ဆင့်ပေါ့ ရုံးချုပ်ထိ တင်ပြပေးဖို့၊ ရုံးချုပ်က ခွင့်ပြုလာလို့ရှိရင် ဒီပိုက်ဆံအတွက် တောင်သူတွေကို ဆပ်ဖို့ ကုမ္ပဏီနဲ့ ပေးချမယ့် အနေအထား ဖြစ်ပါတယ်။ အခုထိတော့ ကျနော်တို့ှဆီကို မြို့နယ်တွေက ချေးငွေ တောင်းဆိုမှုတွေ မရှိသေးပါဘူး။ ရောက်လာရင်လည်း ကျနော်တို့က အမြန်ဆုံး တင်ပြပြီးတော့ ထုတ်ချေးသွားမှာဖြစ်ပါတယ်"

JICA အဖွဲ့ရဲ့ချေးငွေတွေနဲ့အတူ မြန်မာအစိုးရဘက်ကလည်း ငွေကျပ် ၁၀ ဘီလီယံကျော်ကို ထည့်ဝင်ထုတ်ချေး မှာ ဖြစ်ပါတယ်။

JICA အဖွဲ့ဟာ ပထမ ၁၀ နှစ်အတွင်းမှာ အတိုးမဲ့ထုတ်ချေးမှာဖြစ်ပြီး ကျန်တဲ့ နှစ် ၃၀ စာအတွက်ကိုတော့ အတိုးနှုန်းအနည်းငယ်နဲ့ ထုတ်ချေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုထုတ်ချေးမယ့် ချေးငွေတွေကို ငွေသားအဖြစ် ချေးမှာမဟုတ်ဘဲ ရိတ်သိမ်းစက်၊ ခြွေလှည့်စက် စတဲ့ လယ်ယာလုပ်ငန်း အခြေခံစက်ပစ္စည်းတွေအတွက် ကုမ္ပဏီတွေနဲ့ချိတ်ဆက်ဝယ်ယူဖို့ ငွေသားအစား စက်ပစ္စည်းတွေကို ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ရှိတဲ့ တောင်သူတစ်ဦးချင်းအနေနဲ့ ကျပ်သန်း ၅၀ နဲ့ အစုအဖွဲ့လိုက် ကျပ်သန်း ၅၀၀ အထိ ထုတ်ချေးနိုင်မှာဖြစ်ပြီး ၃ နှစ်၊ ၅ နှစ်စတဲ့ နှစ်တို နှစ်ရှည်ကာလတွေအတွင်းမှာ တစ်နှစ်ကို အတိုးနှုန်း ၈ ရာခိုင်နှုန်း နဲ့ အစိုးရကို ပြန်ဆပ်ကြရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လာမယ့်နှစ်မှာတော့ လယ်ယာလုပ်ငန်းကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်ပါ တိုးချဲ့ပြီး ချေးငွေထုတ်ပေး ဖို့ လျာထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။