စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ထောက်ပံ့အားပေးမှုတွေအပေါ် NUG သတိပေး
2024.12.04
ရာဇဝတ်မှုနဲ့ ဖမ်း၀ရမ်းထုတ်ခံရနိုင်တဲ့ စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲကို ထောက်ပံ့ကူညီဖို့ လုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သတိထားကြဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ်က ICC တရားရုံးကို လျှောက်ထားတဲ့အပေါ် ညွှန်းဆိုပြီး ပြောလိုက်တာပါ။
“ရာဇဝတ်မှုတရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရမဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်က ဦးစီးကျင်းပမဲ့ ရွေးကောက်ပွဲကို နည်းလမ်းအမျိုးမျိုးနဲ့ ထောက်ပံ့ကူညီဖို့ လုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း ကပါ အင်မတန် သတိထားကြရမဲ့ အခြေအနေ ဖြစ်လာပြီလို့ ပြောကြားလိုပါတယ်”
ပြည်သူတွေကို သတ်ဖြတ်မှုတွေလုပ်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC ရဲ့ ပြောဆိုချက်တွေကို အသိအမှတ်ပြုမှာမဟုတ်ကြောင်း စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီက လာမဲ့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပြီး အဲဒီ ရွေးကောက်ပွဲကို အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ ရုရှားက ကူညီဖို့ ပြင်ဆင်နေကြတယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာ သူတွေက ပြောပါတယ်။
ဒီအပြင် ကမ္ဘောဒီးယားနိုင်ငံကလည်း ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်မယ်လို့ ဆိုထားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာလည်း ရုရှားနိုင်ငံ ဒူမားလွှတ်တော် ဒုဥက္ကဋ္ဌ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး စစ်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် စစ်ကောင်စီရဲ့ ဝန်ကြီးတွေနဲ့ လိုက်လံတွေ့ဆုံနေပြီး ရွေးကောက်ပွဲကို ကူညီနိုင်ဖို့ ဆွေးနွေးနေတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေးကိစ္စတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး တည်ထောင်ခွင့်လျှောက်ထားတဲ့ နိုင်ငံပါတီတွေကို အတည်ပြုတာနဲ့ ပယ်ချတာတွေလည်း ဆက်လုပ်လာပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ထားပါတယ်။