ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်အွမ်အုပ်စု တီးမားရွာမှာ စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားပြီး ပျောက်ဆုံးနေတဲ့ ကချင်လူငယ်နှစ်ဦးအလောင်းကို ဇူလိုင် ၃၁ ရက်နေ့မှာ ပြန်တွေ့ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် တူးဂျာနဲ့ အသက် ၂၇ နှစ်အရွယ် ဘရန်အောင်တို့နှစ်ဦးဟာ ဇူလိုင်လ ၂၅ ရက်ညနေပိုင်းက နမ့်အွမ်နဲ့ တီးမားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
မီးရှို့ခံထားရတဲ့ အဲဒီအလောင်းတွေကို စစ်ကောင်စီတပ်လှုပ်ရှားလေ့ရှိတဲ့ နမ့်အွမ်ရွာ သစ်တောရုံးအနီး ထင်းရှူးတောမှာ တွေ့ခဲ့တာလို့ အလောင်းရှာဖွေရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အလောင်းကို မီးရှို့ထားတာပေါ့နော်။ သူတို့ အရိုးတွေကိုတော့ တခြားနေရမှာ သွားမြှုပ်ထားတာ။ ဆက်ပြီး ရှာကြည့်တော့ သူတို့အိမ်ကနေ ဝတ်သွားတဲ့ ဖိနပ်နဲ့ အင်္ကျီတွေ့တယ်”
အလောင်းတွေကို ပြန်တွေ့ပေမယ့် သူတို့မောင်းနှင်သွားတဲ့ ကားကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့က နမ့်အွမ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေ စစ်ရေး တင်းမာခဲ့ပြီး နမ့်အွမ်ရွာ စေတီကုန်းမှာတပ်စွဲထားတဲ့ TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်ကြောင့် နမ့်အွမ်ရွာအနီးမှာရှိတဲ့ ဆိုက်ခေါင်ရွာက အသက် ၄၀ အရွယ် ဦးအိုက်လောဆိုတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး အဲဒီအလောင်းကို စစ်ကောင်စီ တပ်သားတွေ ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဦးအိုက်လောအလောင်းကိုပါ ကချင်လူငယ်နှစ်ဦးရဲ့အလောင်းအနီးမှာပဲ ထပ်မံတွေ့ရှိ ခဲ့တယ်လို့ နောက်ထပ် နမ့်အွမ်ဒေသခံတစ်ဦးက ပြောပါတယ်။
ကချင်လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ ဘယ်တပ်ရင်းတပ်ဖွဲ့ဆိုတာ ကိုတော့ တိတိကျကျ မသိရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒေသအခြေစိုက် မီဒီယာအချို့မှာတော့ ကချင်လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတဲ့ တပ်ဟာ ခမရ (၅၆၉) တပ် ဖြစ်တယ်လို့ ဖော်ပြနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဇူလိုင်လ ၂၅ ရက်နေ့ နမ့်အွမ်ရွာအနီးတိုက်ပွဲမှာ TNLA တပ်ဖွဲ့ဝင်သုံးဦး ရုပ်အလောင်းရတယ်လို့ ဖော်ပြထား ပါတယ်။
ဒေသခံတွေကတော့ အဲဒီရုပ်အလောင်းတွေဟာ ကချင်လူငယ်နှစ်ဦးနဲ့ ဆိုက်ခေါင်ရွာက လက်နက်ကြီးထိမှန် သေဆုံးခဲ့တဲ့ ဦးအိုက်လောရဲ့ ရုပ်အလောင်းတွေဖြစ်သလို စစ်ကောင်စီတပ်က TNLA ဝတ်စုံဝတ်ပေးပြီး ဝါဒဖြန့်တာလို့ ပြောကြပါတယ်။