စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ နတ်ချောင်း၊ ချောင်းခွ၊ ပန်းမွန်ချောင်း၊ ဟားခါးလေး စတဲ့ ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF- Kalay) တို့ မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး (PDF-Kalay) ဘက်ကတော့ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"နေ့လယ် နှစ်နာရီခွဲကနေ ညခုနှစ်နာရီနှစ်ဆယ်လောက်ထိ ခင်ဗျ။ စစ်တပ်ဘက်ကတော့ ငါးယောက် ကျတယ်။ ကျနော်တို့ ပြည်သူဘက်ကတော့ လက်နက်ကြီး အစလေး သေးသေးလေး ထိမှန်တယ်ဗျ။ ဘာမှ စိုးရိမ်စရာမရှိဘူး။ တစ်ယောက်တော့ ခဲစလေး မှန်သွားတာခင်ဗျ"
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အား ၇၀ ဝန်းကျင် လောက်နဲ့ မနေ့က ကျေးရွာ သုံးရွာကို ဝင်ပြီး PDF တပ်ဖွဲ့ဝင်တွေကို ရှာဖွေတာတွေကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကလေး PDF ဘက်က ပြောပါတယ်။
မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီနေ့မှာတော့ ကျေးရွာတွေ အနီးဝန်းကျင်တွေကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေသလို ကျေးရွာတွေထဲကို ဝင်ရောက်စစ်ဆေးရှာဖွေတာတွေ လုပ်လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် တိုက်ပွဲဖြစ်ပွားနေရာ အနီးဝန်းကျင်တွေမှာရှိတဲ့ ချောင်းခွ၊ နတ်ချောင်း၊ ပန်းမွန်ချောင်း၊ ဟားခါးလေး၊ ဇင်ကလင်း၊ ထိုမာ စတဲ့ကျေးရွာက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေထဲမှာ နေရာယူထားကြတာကြောင့် အားလုံး ရွာပြင်ကို ထွက်ပြေး တိမ်းရှောင် နေကြရတဲ့အကြောင်း ထွက်ပြေးရတဲ့သူတွေထဲမှာ ပါဝင်တဲ့ နတ်ချောင်းကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေကတော့ အခုချိန်ထိ ရွာထဲ ဝင်လို့မရသေးဘူး။ ဒီစစ်သားတွေ ရှိနေသေးတယ်ပေါ့။ တိုက်ပွဲတွေကလည်း အချိန်မရွေး ထဖြစ်နိုင်တယ်ပေါ့။ အဲဒါကြောင့် ဒေသခံတွေအကုန်လုံးက ရွာပြင်မှာ နေနေရတယ်ပေါ့။ ရွာပြင်မှာ ကျနော်တို့ စောင့်နေရတယ်။ ချောင်းခွကတော့ တစ်ရွာလုံးနီးပါး ထွက်ပြေး ရတယ်ဗျ။ တချို့ကတော့ မထွက်ပြေးဘဲနဲ့ ဒီအတိုင်းနေတဲ့သူတချို့တော့ ရှိတယ်။ ဒါချောင်းခွကို ပြောတာ။ အဲဒီမှာ နောက်တစ်ခုက ဟားခါးလေးတို့ အကုန်ထွက်ပြေးရတာဗျ။ ကျနော်တို့ နတ်ချောင်း ကတော့ ရွာလုံးကျွတ်ထွက်ပြေးရတာမျိုး မရှိဘူး။ ဒါပေမဲ့ အဲဒီတိုက်ပွဲနဲ့နီးတဲ့ ရွာတစ်ဝက်လောက်တော့ ထွက်ပြေးရတယ်။ ကျနော်တို့ နတ်ချောင်းကလည်း ဘာဖြစ်လို့ထွက်ပြေးသွားတာလဲ ဆိုတော့ သူတို့တိုက်နေရင်းနဲ့ ဒီစစ်သားတွေဘက်က သူတို့ကနေ လက်နက်ကြီးတွေ စသုံးလာတယ်ခင်ဗျ။ ကျနော်တို့ဘက်ကိုလေ။ အဲဒီမှာလက်နက်ကြီးတွေ စသုံးလာတော့ ဒီလက်နက်ကြီး သုံးလုံးလောက် ချောင်းခွရွာထဲကို ရောက်တယ်။ အဲဒီမှာ အိမ်တွေဘာတွေတော့ ထိတာတော့ မရှိဘူး။ အဲဒီမှာစထိတော့ အဲကစပြီး တစ်ရွာလုံးထွက်ပြေးကြရတာပဲ”
အခုရက်ပိုင်းတွေအတွင်း လုံခြုံရေးဆောင်ရွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မသင်္ကာတဲ့သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ကလည်း နတ်နန်းနဲ့ နတ်ချောင်းကျေးရွာအတွင်းက ဒေသခံ အမျိုးသား ရှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kalay) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကလေးမြို့ပေါ်မှာလည်း ည ၉ နာရီလောက်မှာ ဗုံးပေါက်ကွဲမှုနဲ့အတူ ပစ်ခတ်မှုအချို့ ရှိခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
"ဗုံးကတော့တော်တော်လေးကို ပြင်းတယ်။ အိမ်တောင် တုန်တယ်"
တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်က မြို့ပေါ်မှာ အင်အားပြ လှည့်ကင်းဆောင်ရွက်နေတုန်းမှာပဲ မြို့တော်ခန်းမ အနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်သံတွေ ထွက်ပေါ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံ တစ်ဦးက ပြောပါတယ်။
“သူတို့တွေက ပစ်တာခတ်တာ ဖြစ်ပြီဆိုတာနဲ့ မြို့ပေါ်ကို လုံခြုံရေးတင်းကျပ်တယ်။ သူတို့ရှိတဲ့ လူအင်အား နဲ့ ထွက်လာပြီးမှ အခါတိုင်းဆိုရင်လည်း နေ့စဉ်အဲလိုပေါ့။ ညနေစောင်းကတည်း ကားတွေနဲ့ သေနတ်တွေနဲ ချိန်ပြီးမှပေါ့နော် မြို့ထဲကိုပတ်တယ်။ နောက်အခါတိုင်းဆို အဲလိုဖြစ်ပြီဆိုရင် တကယ်စစ်ဖြစ်တဲ့ ဒေသတွေလို သူတို့ စတန်းဂန်းတွေ၊ ပွိုင့်ကားတွေနဲ့ လူအင်အားအများကြီးနဲ့ပေါ့နော် မြို့ထဲတွေမှာ လှည့်ပတ်ပြီးတော့ အဲဒီလိုမျိုးလုပ်ကြတယ်။ ဒါကတော့ပုံမှန်လုပ်နေကြကိစ္စလို တစ်နေရာမှာ ကိစ္စမရှိဘူး ဆိုလည်း အဲလိုမျိုးလုပ်တယ်။ နောက်ပြီးတော့ ညကိုးနာရီ နှစ်လောက်မှာ အချိန်ကတော့ နည်းနည်း လွဲတော့ လွဲနိုင်တာပေါ့နော် ဗုံးတစ်လုံးပေါက်တယ်။ ဗုံးကတော့တော်တော်လေးကိုပျင်းတယ်။ အိမ်တောင် တုန်တယ်။ နောက်ထပ် မိနစ်နှစ်ဆယ်လောက်အကြာမှာ သေနတ်သံတစ်ချက် ကြားရတယ်”
ဒီနေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေမှာ လုံခြုံရေး တင်းကျပ်ထား ပြီးတော့ ဇင်ကလင်းနဲ့ ထိုမားရွာတွေအနီးက ကလေး - ဂန့်ဂေါ လမ်းမပေါ်ကနေ ပစ်ခတ်သံအချို့ကိုလည်း ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ကလေးဒေသအတွင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကိုင်းတိုင်း ကလေးမြို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံ ပြည်သူတွေက စစ်ကောင်စီတပ်တွေကို လက်လုပ်သေနတ်တွေနဲ့ ပထမဆုံး တော်လှန်တဲ့မြို့ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းချိန်ကနေစပြီး မနေ့ကအထိ ကလေးဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ၁၅ ကြိမ်ထက်မနည်းရှိနေပြီး ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၅၀ ကျော်၊ ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ အရပ်သား စုစုပေါင်း ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ကလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Kalay) က ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေအနီးမှာ တပ်စွဲထားပြီး တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့ အတွက် ကလေး-ဂန့်ဂေါ ခရီးသွားပြည်သူတွေကို ကားမှန်ချ မောင်းနှင်ကြဖို့ (PDF – Kalay) အဖွဲ့က ထုတ်ပြန်ထားပါတယ်။