CDM ရဲဝန်ထမ်း ၃၂၀ ပါဝင်တဲ့ ကရင်နီပြည်နယ်ရဲအဖွဲ့ ဖွဲ့စည်း

တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021.08.26

ကယား (ကရင်နီ) ပြည်နယ်က ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲ ဝန်ဆောင် မှုတွေကို ပေးနိုင်ဖို့ ကရင်နီပြည်နယ်ရဲ (Karenni State Police – KSP) ကို စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့် ကျင်တဲ့ CDM ရဲ ၃၂၀ နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်ရဲအဖွဲ့ကို တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ လိုအပ်ချက်အရ လုပ်ငန်းစဉ်တွေချမှတ်ပြီး ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ကို ကရင်နီပြည်နယ်က ၂၀၂၀ ရွေးကောက်ခံ အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေ၊ လူငယ်နဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေ စုစည်းပြီး ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

အခုလက်ရှိမှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝင်လာတဲ့ ရဲတွေဟာ လူထုကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေကြတယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုစည်းရုံး ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဆရာတော်ရယ်က ပြောပါတယ်။

"တချို့ကတော့ အဖွဲ့ဝင်အဖြစ် ပါသွားတဲ့သူတွေရှိတယ်။ တချို့ကတော့ သူ့ဘာသာသူ CDM ပဲနေပြီးတော့ ရက်တိုသင်တန်းတွေယူပြီး ခုနကပြောတဲ့ ပြည်ထဲရေးအောက်က ညွှန်ကြားမှုအောက်မှာရှိသလို တစ် ယောက်စ နှစ်ယောက်စကတော့ တခြားလုပ်ငန်းဌာနမှာ ပါတဲ့သူမျိုးလည်းရှိတယ်"

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ လူထုနဲ့အတူ စစ်အာဏာရှင်စနစ် ကို ဆန့်ကျင်ပြီး CDM ဝင်လာတဲ့ ရဲအချို့ဟာ ကရင်နီတပ်မတော် (KA) ထဲဝင်ပြီး ပြည်သူဘက်က တိုက်ပွဲ ဝင်နေကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

"ဒီကိုလာပြီး ဘာကြောင့်ရဲဘော်လုပ်ရလဲဆိုတော့ အခုလက်ရှိ စစ်အာဏာကို မလိုချင်လို့ပေါ့"

လက်ရှိ ကရင်နီတပ်မတော် (KA) ထဲဝင်ပြီး စစ်သင်တန်းတက်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် CDM ရဲ ကိုဇော်မိုးအေး ကတော့ ကချင်ပြည်နယ်မှာ ရဲတပ်သား တာဝန်ထမ်းဆောင်ရင်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို ကျည်အစစ်တွေနဲ့ ပစ်မိန့်ပေးတာကို ဆန့်ကျင်တဲ့အနေနဲ့ CDM မှာပါဝင်ပြီး တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

"အဲမှာ သတ်ဖြတ်တာတွေ အများကြီးမြင်နေရတော့ ကျနော်တို့ မခံနိုင်လွန်းလို့ပေါ့။ ကျနော်တို့ ဒီမှာနေပြီး စစ်ပညာသင်တန်းကို ရအောင်သင်တယ်။ သင်ပြီးတော့ ပြန်ပြီးခုခံတော်လှန်ချင်လို့ပေါ့နော်။ ဆန္ဒပြတာ တွေ တအားများလာတော့ လူအင်အား ရဲအင်အားကလည်း မလောက်တော့ဘူး မလောက်တော့ ကင်း လည်း ခဏခဏစောင့်ရတယ်။ ဆန္ဒပြတာတွေလည်းသွားထိန်းရ ဆန္ဒပြပြည်သူတွေ သွားထိန်းရင် ကျည် တွေပေးတယ်။ ကျည်ဆိုလည်း ပစ်ခွင့်ရှိတာပေါ့၊ ကျည်ဆိုရင် တယောက်ကို ၂၀၀ နှုန်း အဲလိုပေးတာတွေ ရှိတာပေါ့။ အဲဒါတွေကြောင့်ပဲ CDM လုပ်လိုက်တာပါပဲ"

ရဲသင်တန်းစတက်ကတည်းကပဲ ပြည်သူကို ကာကွယ်ရမယ်လို့ သစ္စာဆိုထားခဲ့ရတာကြောင့် ပြည်သူတွေကို ကာကွယ်သွားပြီး အာဏာရှင်ကို ဆက်လက်တော်လှန် သွားမယ်လို့လည်း ကိုဇော်မိုးအေးက ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လမ်းမတွေပေါ် စစ်အာဏာ ရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြတဲ့ ပြည်သူတွေရှေ့မှာပဲ ရဲတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်ဟာ ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။

စစ်ကောင်စီဘက် တာဝန်ရှိသူတွေက ပြည်သူတွေနဲ့ ပူးပေါင်းတဲ့ CDM ရဲတွေကို ပြန်လည်တာဝန်ထမ်း ဆောင်ဖို့ ခေါ်ခဲ့ကြပေမယ့် အဲဒီရဲတပ်ဖွဲ့ဝင်တွေကတော့ ငြင်းဆန်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကယားပြည်နယ်တစ်ခုလုံးမှာ CDM ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၀၀ ကျော်ရှိအထိ ရှိလာခဲ့တယ်လို့ CDM ရဲတွေက ပြောပါတယ်။

cdm-police.jpeg
(စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လွိုင်ကော်မှာ CDM ရဲတပ်သားတွေ လမ်းပေါ်ထွက် ဆန္ဒပြစဥ်) Photo: CJ

ကရင်နီတပ်မတော် (KA) ထဲမှာပါဝင်လာတဲ့ CDM ရဲတွေထဲမှာ ရဲမေတွေလည်း ပါဝင်ပါတယ်။

CDM ရဲမေ နော်အယ်စူးမိုး ကတော့ စစ်အာဏာရှင်ကို မကြိုက်လို့ CDM လုပ်ပြီး ကရင်နီတပ်မတော် (KA) ထဲ ပါဝင်လာခဲ့တာလို့ ပြောပါတယ်။

"ဒီကိုလာပြီး ဘာကြောင့်ရဲဘော်လုပ်ရလဲဆိုတော့ အခုလက်ရှိ စစ်အာဏာကို မလိုချင်လို့ပေါ့ သူတို့ စစ်သားတွေ အုပ်ချုပ်တာ မကောင်းဘူး။ မကောင်းလို့လေ။ ဒါကြောင့် CDM လုပ်ပြီး ဒီမှာ ရဲဘော်လာ လုပ်တာလေ။ ပြည်သူကို ကာကွယ်ဖို့ပေါ့။ ပြည်သူကို ကာကွယ်ဖို့ ဒီမှာ တာဝန်လာထမ်းဆောင်တာပေါ့"

ကရင်နီတပ်မတော် (KA) ထဲဝင်ရောက်လာတဲ့ CDM ယာဉ်ထိန်းရဲမေ ထဲပလျားကလည်း အာဏာရှင်ကို လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်သွားမယ်လို့ ပြောပါတယ်။

"ကျမ ဒီကိုလာတဲ့ ရည်ရွယ်ချက်က စစ်ကောင်စီတွေကို အခြေအမြစ်ပြတ်ဖို့အတွက် KNPP အဖွဲ့အစည်း တွေနဲ့ လာပြီးတော့ ပူးပေါင်းပြီးတော့ ချေမှုန်းမှာဖြစ်ပါတယ်၊ ကျမဒီမှာ လာတဲ့ရည်ရွယ်ချက်က ကျမတို့ ပြည်နယ် ကရင်နီပြည်နယ် လူမျိုးတွေအတွက်ပေါ့နော်၊ မတရားခံ ခဲ့ရတာတွေ များနေပြီပေါ့နော်၊ ကျမတို့ နှိပ်စက်ခံရတာတွေ များနေခါကျတော့ ကျမတို့ မခံမရပ်နိုင် ဖြစ်တာပေါ့နော်။ ကရင်နီပြည် လူမျိုးတွေနဲ့ အတူတူ စစ်ကောင်စီကို အခြေအမြစ် အပြတ်တိုက်ဖို့ အဆုံးထိသွားမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ လတွေမှာ ကရင်နီတပ်မတော် KA ထိန်းချုပ်နယ်မြေမှာ အခြေခံစစ်သင်တန်းတွေ ပေးခဲ့စဉ် CDM ရဲ ၂၂ ယောက် တက်ရောက်ခဲ့ကြပါတယ်။

CDM လုပ်တဲ့ရဲတပ်ဖွဲ့တွေထဲမှာ တချို့ကရင်နီတော်မတော်ထဲ ဝင်တဲ့သူရှိသလို၊ တချို့က Free Burma Ranger - Karenni သင်တန်းတက်ကြပြီးတော့ လူထုကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေကြတာပါ။

မနေ့က ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်က ဖွဲ့စည်းလိုက်တဲ့ CDM ကရင်နီပြည်နယ်ရဲ (Karenni State Police KSP) အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ဘယ်လိုခွဲ ဝေ ဆောင်ရွက်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကယားပြည်နယ်က CDM ရဲတွေထဲမှာ ဒေသတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲတွေပါဝင်သလို အခြားဒေသ တွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲတွေလည်း ပါဝင်တယ်လို့ CDM ရဲတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Ko Ko Winn
2021-08-27 20:17

Good